Feb 23, 2011

ပထမဆုံး ရူပဗေဒနိုဗယ်ဆု ( 1901) Wilhelm Conrad Röntgen


     အဲဖရက်နိုဗယ်၏ သေတမ်းစာအရ နိုဗယ်ဖေါင်ဒေးရှင်းကို ဖွဲ့စည်းပြီးသောအခါ 1901 နှစ်မှစ၍ နိုဗယ်ဆုများကို နှစ်စဉ်ချီးမြှင့်နိုင်ခဲ့သည်။သို့သော် ( 1916, 1931, 1934, 1940, 1941, and 1942 ) နှစ်များတွင် ရူပဗေဒ-နိုဗယ်ဆုများကို ပေးအပ်ခြင်းမရှိခဲ့ပေ။ အရေးကြီးသောရှာဖွေတွေ့ရှိ ချက်များ ၊ရူပဗေဒတီထွင်မှုများထူးထူးခြားခြား မရှိခဲ့သောကြောင့်ဟု နိုဗယ်ဖေါင်ဒေးရှင်းမှ ကြေငြာခဲ့ သော်လည်း ၎င်းနှစ်များသည် (ပထမ၊ ဒုတိယ) ကမ္ဘာစစ်ကြီးများ ဖြစ်ပွါးနေချိန်နှင့်တိုက်ဆိုင် နေကြောင်းတွေ့ရသည်။
Wilhelm Conrad Röntgen (ဝဲအမ်ကွန်ရတ်- ရွန်ဂျင်)
  1.         1901 တွင် ပထမဆုံးရှိသော ရူပဗေဒနိုဗယ်ဆုရှင်မှာ Wilhelm Conrad Röntgen (ဝဲအမ်ကွန်ရတ်- ရွန်ဂျင်) ဖြစ်သည်။သူသည် 1845မတ်လ(27)ရက်တွင် ဂျာမဏီနိုင်င်ငံ၌ မွေးဖွါးခဲ့ သည်။ဖခင်မှာ ဒတ်ချ်လူမျိုးဖြစ်၏။ မိဘများမှာ ကုန်သည်မျိုးရိုးဖြစ်ပြီး အထည်အလိပ်လုပ်ငန်းကို လုပ်ကိုင်ကြသည်။ ၃နှစ်သားအရွယ်တွင် မိသားတစုလုံး နယ်သာလန်သို့ပြောင်းရွေ နေထိုင်ခဲ့ ကြသည်။ အခြေခံပညာကျောင်းကို နယ်သာလန်တွင် တက်ရောက်ခဲ့သော်လည်း အထူးဝါသနာပါသော စိတ်ဝင်စားသော ၊ ကျွမ်းကျင်သောအရာဟူ၍ မရှိခဲ့ပေ။ သူသည် သဘာဝအလှတရားကို ခံစား ချစ်မြတ်နိုးသူတယောက်ဖြစ်၏၊ နိုင်ငံအနှံ့အပြား ဒေသများနှင့် တောတောင်များကို စိတ်ဝင်စားစွာ လည်ပတ်လေ့ရှိ၏  
ရွန်ဂျင်မွေးဖွါးခဲ့သောအိမ်ကို ယခုအခါ ပြတိုက်အဖြစ်ဖွင့်လှစ်ထားသည်
  
           1862 ခုနှစ်တွင် နယ်သာလန် Utrecht (ယူထရက်)မြိ့ု နည်းပညာကျောင်း၌ တက်ရောက် ပညာသင်ကြားသည်။ကျောင်းတက်နေစဉ် ကာရီကယ်ချာရုပ်ပြောင်ကာတွန်းဖြင့် ဆရာ၏ ပုံကို ရေးဆွဲခဲ့သောကြောင့် ကျောင်းထုတ်ခြင်းခံခဲ့ရသည်။ ယူထရက်တက္ကသိုလ်သည် နေ့စဉ်တက် ပုံမှန်ကျောင်းသားများအား ဆာတီဖီကိတ်၊ ပညာအရည်အချင်းထောက်ခံစာများ မလိုအပ်ပဲ တက်ရောက်နိုင်သည်။ ထို့ကြောင့် 1865ခု ယူထရက်တက္ကသိုလ်တွင် ရူပဗေဒဘာသာကို သင်ယူခဲ့ သည်။ ထိုအချိန်တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်တက္ကသိုလ်သည် ဝင်ခွင့်ဖြေဆိုနိုင်လျှင် တက်ရောက်နိုင် ကြောင်းသိရ၍ ဝင်ရောက်ဖြေဆိုရာအောင်မြင်သဖြင့် ပြောင်းရွေ့သင်ယူသည်။ ဇူးရစ်တက္ကသိုလ်သည် Polytechnic –ETH Zurich ပေါ်လီနည်းပညာတက္ကသိုလ်ဖြစ်သည်။အိုင်စတိုင်းကဲ့သို သိပ္ပံပညာရှင်များ မွေးထုတ်ပြီး နိုဗယ်ဆု( 21ဆု)ရရှိခဲ့သည့် ပညာရှင်များ တက်ရောက်ခဲ့သော တက္ကသိုလ်ဖြစ်သည်။ ရွန်ဂျင်သည် ဇူးရစ်တက္ကသိုလ်တွင် မက္ကင်းနစ် အင်ဂျင်နီယာဖြင့် တက်ရောက်သင်ကြားခဲ့သော်လည်း၊ ”ဓာတ်ငွေ့များကိုလေ့လာခြင်းစာတမ်း” ဖြင့် ဒေါက်တာဘွဲ့ရရှိခဲ့သည်။
     ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်တက္ကသိုလ်
        1869ခုနှစ်တွင် ရွန်ဂျင်သည် ဇူးရစ်တက္ကသိုလ်မှ PhD ဘွဲ့ကိုအောင်မြင်ခဲ့သည်။ 1870တွင် ရွန်ဂျင်၏ ပထမဆုံးပြုစုခဲ့သောစာတမ်းမှာ ဓာတ်ငွေ့များ၏သိပ်သည်းဆကို လေ့လာခြင်းဖြစ်သည်။ ထိုနှစ်တွင် ဆရာဖြစ်သူ August Kundt ထံတွင် လက်ထောက်အဖြစ်လုပ်ကိုင်ရန် ဂျာမဏီသို့ ပြောင်းရွေ့ခဲ့သည်။ 1874 ခု စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီတွင် ရူပဗေဒ ပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့ သည်။ ဂျီနာတက္ကသိုလ် Jena (1886) ၊ယူထရက်တက္ကသိုလ် ၊လိုက်ဇစ်တက္ကသိုလ် (Leipzig ) များက ရူပဗေဒပါမောက္ခအဖြစ် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။သို့သော် (1888) University of Würzburg တွင် ပါမောက္ခအဖြစ်လက်ခံခဲ့သည်။ထိုတက္ကသိုလ်တွင် နာမည်ကျော် ရူပဗေဒ ပညာရှင်များဖြစ်သော ဟေမယ်တိုနီယမ်နှင့် လောရင့်တို့နှင့်အတူ လုပ်ကိုင်ခဲ့သည်။ 
ရွန်ဂျင်၏ သိပ္ပံစမ်းသပ် ဓာတ်ခွဲခန်းတခု

       1895 ခုနှစ် နိုဝင်ဘာ 8ရက် ၊သောကြာနေ့ ညနေခင်းအချိန်တွင် ရွန်ဂျင်သည် ကိုယ်ပိုင် ဓာတ်ခွဲစမ်းသပ်ခန်း၌ တစ်ယောက်တည်း အလုပ်များနေသည်။ လေစုပ်ထားသော ဖန်ပြွန်တွင် ညိ့ုယူလျှပ်စစ်ရောင်ခြည်တန်းများဖြစ်စဉ်ကို လေ့လာနေခြင်းဖြစ်သည်။ ၎င်းဖန်ပြွန် (CRT –Cathode rays tube)ကို ကတ်သုတ်ရောင်ခြည်ဖန်ပြွန်ဟုခေါ်သည်။ ကတ်သုတ်ဖန်ပြွန် အကြောင်းကို အနည်းငယ်ရှင်းပြပါဦးမည်။ 
(ဥပမာ-ဝါယာကြိုးတခုတွင် လျှပ်စစ်စီးသောအခါ လျှပ်စစ်မှုန် (အီလက်ထွန်)များ ရွေ့လျားစီးဆင်းခြင်းဟု သတ်မှတ်နိုင်သည်။၎င်းဝါယာကြိုးသည် ပြတ်တောက်သွားပါက လျှပ်စစ်ဓာတ်များ မစီးဆင်းနိုင်တော့ပေ။ ဤအချက်ကို ဆက်လက်၍စဉ်းစားသော် လျှပ်စစ်မှုန်( အီလက်ထွန်များ)သည် လေထဲတွင်ကောင်းမွန်စွာ မဖြတ်သန်းနိုင် ဟုမှတ်ယူနိုင်သည်။ ထို့ကြောင့် လေစုပ်ထားသောဖန်ပြွန်ထဲတွင် (အဖိုငုတ်နှင့် အမငုတ်) ဝါယာနှစ်စကိုထား၍ ဗို့အားပေးကြည့်သော် လျှပ်စစ်စီးဆင်းနိုင်ကြောင်းတွေ့ရသည်။ အီလက်ထွန် အမှုန်များသည် အမငုတ်(cathode) မှ အဖိုငုတ်သို့( anode) ကူးပြောင်းစီးဆင်းခြင်းကို ကတ်သုတ်ရောင်ခြည်ဟုခေါ်သည်။၎င်းဖန်ပြွန်ကို ကတ်သုတ်ရောင်ခြည်ဖန်ပြွန်ဟု ခေါ်သည်။ ကတ်သုတ်ရောင်ခြည်ဖန်ပြွန်တွင် လျှပ်စစ်မှုန်( အီလက်ထွန်)တန်းများစီးဆင်းရာ လမ်းကြောင်းတနေရာ၌ ရောင်စဉ်တောက်သတ္တုပြား (fluorescence)ကို ထားလိုက်သောအခါ ဖန်ပြွန်၏မျက်နှာပြင်များတွင် မီးစုန်းရောင်များတွေ့မြင်နိုင် သည်။ တီဗီဖန်ပြွန်နှင့် ကွန်ပျူတာမော်နီတာ(tube)များသည် ကတ်သုတ်ရောင်ခြည်ဖန်ပြွန်အား အခြေခံ၍တည်ဆောက် ထားသည်။  
အောက်ပါပုံသည် အင်္ဂလန်သိပ္ပံပညာရှင် ခရုစ် (Crookes’ tube)၏ ကတ်သုတ်ဖန်ပြွန် ဖြစ်သည်။

        ရွန်ဂျင်သည် ခရုစ်ဖန်ပြွန်ဖြင့် စမ်းသပ်ခန်းထဲတွင်အလုပ်ရှုပ်နေခြင်းဖြစ်သည်။ ခရုစ်ဖန်ပြွန်တွင်းရှိ ရောင်စဉ်တောက်သတ္တုပြား (target) နေရာတွင် ဘေရီယံ-ပလက်တီနိုစိုင်အာနိုက်( Barium Platinocyanide) ကိုသုတ်လိမ်းလိုက်သည်။ထို့နောက်ကတ်သုတ်ဖန်ပြွန်မှထွက်သော ရောင်စဉ်များကို ကာကွယ်ရန် ဖန်ပြွန်တခုလုံးအား အနက်ရောင်စက္ကူကတ်ထူများဖြင့် အလင်းမထွက်နိုင်အောင်ဖုံးအုပ် ထားလိုက်သည်။ ဒါအပြင် စမ်းသပ်ခန်းတခုလုံးကိုလည်း မီးပိတ်ကာအမှောင်ချထားလိုက်သည်။ ထိုကဲ့သို့ ပိန်းပိတ်အောင်မှောင်နေချိန်တွင် ကတ်သုတ်ဖန်ပြွန်ကို အပြင်မှလျှပ်စစ်ဗို့အားဖြင့် ခလုပ်ဖွင့် လိုက်သည်။ ရွန်ဂျင်သည် အံ့အားသင့်စွာရုတ်တရက် ငေးကြောင်သွား၏။အကြောင်းမှာ ကတ်သုတ်ဖန်ပြွန်နှင့် သုံးပေခန့်အကွာ စားပွဲခုံပေါ်တင်ထားသော ဘေရီယံ-ပလက်တီနိုစိုင်အာနိုက်ကတ်ပြားတွင် စိမ်းဖျော့ဖျော့   (မော်ဒယ်စိမ်းရောင်) မီးစုန်းရောင်များ တောက်ပနေခြင်းကို တွေ့ရသောကြောင့် ဖြစ်သည်။ အပြင်ဘက်တွင် ထားရှိသော ဘေရီယံ-ပလက်တီနိုစိုင်အာနိုက်သည် အဘယ်ကြောင့် ရောင်စဉ်များ တောက်ပနေသနည်း။ တဖန် ရောင်စဉ်တောက်ကဒ်ထူပြားကို ခပ်ဝေးဝေးတနေရာသို့ရွေ့ကြည့်သည်။ ထိုနည်း၎င်းတိုင်း မီးစုန်းရောင်များတောကင်ပနေပြန်၏ ရွန်ဂျင်သည် စမ်းသပ်မှုများကို ညဉ့်နက် သန်းခေါင်ယံထိ မအိပ်မနေ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ နေ့စဉ်ရက်ဆက် မအိပ်မနေ စမ်းသပ်သည်။ နံနက်စာ၊ညစာကိုပင်း ဓာတ်ခွဲခန်းထဲတွင်စားသောက်ပြီး ဆက်လက်လေ့လာခဲ့သည်။ 

      နောက်ဆုံးတွင် ရွန်ဂျင်သည် မီးစုန်းအရောင်တောက်ခြင်းသဘောကို ကောက်ချက်ချလိုက်၏ ကတ်သုတ်ဖန်ပြွန်ကို အရောင်မထွက်စေရန်ဖုံးအုပ်ထားသော်လည်း ၊ ကတ်သုတ်ဖန်ပြွန်မှလာသော ရောင်ခြည်တမျိုးကြောင့် ဘယ်ရီယံ-ပလက်တီနိုစိုင်အာနိုက်တွင် မီစုန်းရောင်တောက်နေခြင်းဖြစ်မည်။ အကယ်၍ ကတ်သုတ်ဖန်ပြွန်မှထွက်လာသော်လည်း ကတ်သုတ်ရောင်ခြည်မဖြစ်နိုင်ပေ။အကြောင်းမှာ ကတ်သုတ်ရောင်ခြည်( အီလက်ထွန်)များသည် ပြင်ပလေထဲတွင် ကောင်းမွန်စွာမဖြတ်သန်းနိုင်ပေ။ ထိုသို့ဆိုလျှင် ကတ်သုတ်ဖန်ပြွန်မှ ကတ်သုတ်ရောင်ခြည်နှင့်အတူ ထူးဆန်းသော ရောင်ခြည်တမျိုး ပါဝင်နေခြင်းဖြစ်မည်။ ၎င်းရောင်ခြည်သည် မျက်စိဖြင့်မမြင်နိုင်သော်လည်း ဖောက်ထွင်းနိုင်စွမ်းရှိရမည် ဟုကောက်ချက်ချလိုက်သည်။ ဘယ်ရီယံ-ပလက်တီနိုစိုင်အာနိုက်အစား ဓာတ်ပုံဖလင်ပြားဖြင့် စမ်းသပ် ကြည့်သည်။မျက်စိဖြင့် မမြင်နိုင်သော်လည်း ဖလင်ပြားပေါ်တွင် အလင်းရောင်ကျသကဲ့သို့ ပုံရိပ်များ ဖြစ်ပေါ်ကြောင်းတွေ့ရသည်။  









     1895 ဒီဇင်ဘာ22 ညနေခင်းတွင် ရွန်ဂျင်သည် ရောင်ခြည်အသစ်တမျိုးဖြင့် သူ၏အမျိုးသမီး လက်ကို ဓာတ်ပုံရိုက်လိုပါသလားဟုမေးပြီး ၊စမ်းသပ်ကြည့်သည်။ အချိန်ဆယ့်ငါးမိနစ်အကြာတွင် လက်ချောင်း ၊အရိုးများနှင့် လက်ထပ်လက်စွပ်အပါအဝင် ထင်ရှားပြတ်သားသော ရေဒီယိုဓာတ်ပုံကို ရရှိလေတော့သည်။ ထိုနေ့သည်ကား ရေဒီယိုရောင်ခြည်ကုထုံး၏ ပထမဆုံးမွေးနေ့ဖြစ်လေသည်။ ရွန်ဂျင်သည် ” A new kind of rays” ” ရောင်ခြည်အသစ်တမျိုး ” ခေါင်းစဉ်ဖြင့် စာတမ်းပြုစု၍ ကြေငြာချက်ထုတ်လိုက်သည်။ Würzburg တက္ကသိုလ်တွင်လည်း သူ၏ရောင်ခြည်သစ် အကြောင်းကို ဖွင်ဟပြောဆိုခဲ့သည်။သို့သော် ရွန်ဂျင်တွေ့ရှိထားသော ရောင်ခြည်သည် အမျိုးအမည်မသိပေ။ ထို့ကြောင့် ရွန်ဂျင်က မသိသောရောင်ခြည် ( X-rays)ဟု အမည်ပေးလိုက်သည်။ ( ကျွန်ပ်တို့ငယ်စဉ်က သင်္ချာပုစ္ဆာများတွင် မသိကိန်းများကို ရှာဖွေသောအခါ၊ မသိကိန်း=x ဖြစ်ပါစေ(သို့မဟုတ်) မသိကိန်း= y ဖြစ်ပါစေဟု သတ်မှတ်၍ ပုစ္ဆာများကိုအဖြေရှာခဲ့ကြရသည်။) ထိုနည်း၎င်းအတိုင်း ရွန်ဂျင်သည် အမည်မသိသော ထူးဆန်းသည့်ရောင်ခြည်တမျိုးကို X-rays အိတ်စ်ရောင်ခြည်ဟု အမည်ပေးလိုက်၏ တချို့က ရွန်ဂျင်ရောင်ခြည် (Röntgen rays) ဟု ခေါ်ဆိုကြသည်။ X-rays အိတ်စ်ရောင်ခြည်ကို ရှာဖွေတွေ့ရှိခြင်းသည် ဆေးပညာကုထုံးတွင် အလွန်အရေးပါ၏ x-rays အိတ်စ်ရောင်ခြည်၏ အသုံးဝင်မှုသည် ယနေ့အချိန်တိုင်အောင် အလွန်အသုံးဝင်ကြောင်းတွေ့ရသည်။ ဓာတ်မှန်ရိုက်ခြင်း၊ ကင်ဆာရောဂါဓာတ်ကင်ခြင်း၊လေဆိပ်များတွင် check in စစ်ဆေးခြင်းနှင့် လုံခြုံရေး စစ်ဆေးခြင်း၊ စက်ရုံအလုပ်ရုံများတွင်အသုံးပြုခြင်းစသည့် အသုံးဝင်မှုများမှာ ကျယ်ပြန်လှပေသည်။ အိတ်စ်ရောင်ခြည်အကြောင်းကို “အခြေခံရူပဗေဒအပိုင်း၌ ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း” တွင် ရေးသား ပြီးခဲ့လေပြီ။ 


အိတ်စ်ရောင်ခြည်ဖြင့် လေဆိပ်တွင် ရှာဖွေစစ်ဆေးနေပုံ
      1900တွင် ရူပဗေဒပညာရှင် Wilhelm Conrad Röntgen (ဝဲအမ်ကွန်ရတ်- ရွန်ဂျင်) ကို ဂျာမဏီပြည် ဘာဗာရီယန် Bavarian ပြည်နယ်အစိုးရ၏ အထူးခွင့်တောင်းချက်ကြောင့် မြူးနစ် တက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 1901ခုနှစ်ပထမဆုံးနိုဗယ်ဆုချီးမြှင့်ရာ အိတ်စ်ရောင်ခြည် ရှာဖွေတွေ့ရှိသော ရွန်ဂျင်ကို ပထမဆုံးရူပဗေဒနိုဗယ်ဆုချီးမြှင့်လိုက်ခြင်းဖြစ်သည်။ ရွန်ဂျင်သည် သူ၏ရှာဖွေတွေ့ရှိချက်အားလုံးကို မှတ်ပုံတင်ပြီးမူပိုင်ပြုလုပ်ခြင်း၊တစ်ဦးတယောက်ဖြစ်စေ ၊အဖွဲ့အစည်းတခုဖြစ်စေ လက်ဝါးကြီးအုပ်ထိန်းချုပ်ခြင်းများ ခွင့်မပြုဟု ကြေငြာချက်ထုတ်ခဲ့သည်။ သူ၏ ရှာဖွေတွေ့ရှိမှုသည် လူသားအားလုံးပိုင်ဆိုင်စေရမည်ဟု သေတမ်းစာတွင်ရေးသားခဲ့လေသည်။ 1923 ဖေဖေါ်ဝါရီ 10ရက်နေ့တွင် အသက် 78 နှစ်ရှိပြီသော ရွန်ဂျင်သည် အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ရွန်ဂျင်က သူ၏ဓာတ်ရောင်ခြည်စမ်းသပ်မှုများကြောင့် ကင်ဆာရောဂါဖြစ်သည် ဟုလက်မခံခဲ့ပေ။ သို့သော် နှောင်းခေတ်ပညာရှင်များက ဓာတ်ရောင်ခြည်သင့်ခြင်းကို ကာကွယ်ရန် ခဲသတ္ထုဖြင့် အကာကွယ်ပြုလုပ်ကြရလေတော့သည်။  
   

………………………………… …………………………

အနုမြူရူပဗေဒ (မြန်မာဖတ်စာအုပ်)

            ကျွန်တော်ဆီမှာရှိတဲ့ အနုမြူရူပဗေဒစာအုပ်တွေထဲက မြန်မာဘာသာဖြင့်ရေးသားထားသည့် တခုတည်းသော  စာအုပ်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင...