လေဆာ ဟူသော ဝေါဟာရသည် အင်္ဂလိပ်စာမှ တိုက်ရိုက်မွေးစားထား၏။သို့သော် လေဆာကို လူတိုင်းနီးပါးကြားဖူး၏ ။ လေဆာ၏အသုံးဝင်မှုမှာ အလွန်များလှ၏။ တစ်ကိုယ်ရေ အိမ်သုံးပစ္စည်းမှစ၍ ၊ရုံးသုံး ၊စက်ရုံသုံး ၊ဆေးရုံဆေးခန်း ၊သိပ္ပံစက်မှုလုပ်ငန်းများနှင့် အာကာသသိပ္ပံများတွင် လေဆာကို အသုံးပြုကြသည်။ လေဆာနည်းပညာသည် ဒဏ္ဍာရီဆန်သော စိတ်ကူးယဉ်မှုများမှ လက်တွေ့အောင်မြင်စွာတီထွင်နိုင်ခဲ့၏။
အင်္ဂလန်နိုင်ငံသား သိပ္ပံစာရေးဆရာ H.G .Wells (အိတ်ချ်ဂျီဝဲ )
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော် 1896 ခုနှစ်က စာရေးဆရာ H.G .Wells (အိတ်ချ်ဂျီဝဲ ) ရေးခဲ့သော အလွန်နာမည်ကြီးသည့် ” ကမ္ဘာ့စစ်ပွဲများ ” ဝထ္ထုမှစတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစိတ်ကူးယဉ် ဝထ္ထုတွင် မားစ်(Mars) ဂြိုလ်မှ ဂြိုလ်သားများက ကမ္ဘာမြေပြင်ပေါ်သို့ ဝင်ရောက်ကျူးကျော်သော စစ်ပွဲအကြောင်းများပါရှိသည်။ ဂြိုလ်သားများ အဓိကအသုံးပြုသော လက်နက်ဆန်းများသည် လေဆာဖြင့် ပြုလုပ်ထားသည်ဟုပါရှိလေသည်။
၎င်းစိတ်ကူးယဉ်ဝထ္ထုထွက်ပေါ်လာပြီး နှစ်ပေါင်းတစ်ရာနီးပါးကြာသောအခါ ကာဗွန်ဒိုင်အောက်ဆိုဒ် ( CO-2 ) လေဆာကို ပထဆုံးပြုလုပ်နိုင်ခဲ့သည်။ အကြောင်းမှာ မားစ်ဂြိုလ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်များ ပါရှိသဖြင့် နေရောင်ခြည်နှင်ထိတွေ့မိရာမှ သဘာဝလေဆာရောင်ခြည်များ ဖြစ်ပေါ်နေသောကြောင့် တည်း။ ထို့ကြောင့် မားစ်ဂြိုလ်သည် အနီရောင်လုံးကြီးအဖြစ်တွေ့မြင်နေရခြင်းကို အခြေခံ၍ ပြုလုပ်ခဲ့သည်။
(ကာဗွန်ဒိုင်အောက်ဆိုဒ်များဖြင့် သဘာဝလေဆာဖြစ်နေသော အနှီရောင် မားစ်ဂြိုလ် )
ဂြိုလ်သားများသည် ကာဗွန်ဒိုင်အောက်ဆိုဒ်လေဆာများဖြင့် အသုံးပြုကြသည်မှာ စိတ်ကူးယဉ်မှု တခုသာဖြစ်သည်။ မည်သူမျှလက်ခံယုံကြည်ခြင်းမရှိပေ။ သို့သော် အက်တမ် ၊မော်လီကျူးများကို လံှှု့ဆော် ဖန်တီးရာမှ လေဆာရောင်ခြည် ထုတ်ယူနိုင်ကြောင်း အခြေခံသဘောတရားကို ပထမဆုံးစတင်ဖေါ်ထုတ်ပေးခဲ့သော သိပ္ပံပညာရှင်တစ်ယောက်ရှိခဲ့ လေသည်။
ထိုသူမှာ ရှုပဗေဒ-ဖခင်ကြီး အိုင်စတိုင်း ဖြစ်သည်။ လေဆာအခြေခံ သဘောတရားများကို အိုင်စတိုင်းနှင့်အတူ ဂျာမာန်သိပ္ပံပညာရှင် လေဒင်ဘတ် Ladenburg နှင့် ပညာရှင်များအားလုံးက 1930နှစ်များတွင်စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းအခြေခံသဘောတရားကို အသုံးချ၍ 1955ခုနှစ်တွင် ကိုလံဘီယာတက္ကသိုလ်မှ Charles H.Townes တိုနီက ပထမဆုံးကိရိယာကို တီထွင်နိုင်ခဲ့၏။ တိုနီတီထွင်ခဲ့သော ကိရိယာသည် အမိုးနီယားဖြင့်ပြုလုပ်ပြီး မိုက်ခရိုဝေ့အချက်ပြလှိုင်းကိုသာထုတ်ပေး၏။ မျက်စိဖြင့်မမြင်နိုင်ပေ။ ထိုကိရိယာကို မာဆာ( MASER -microwave amplification by stimulated emission of radiation) ဟုခေါ်သည်။ထို့နောက် ဆိုဗီယက်ပြည်ထောင်စုမှ N. G. Basov and A.M. Prokhorov ဘာဆို့ဖ်နှင့်ပရိုခိုရိုဖ့်တို့ကလည်း မာဆာကိုအခြေခံ၍ တီထွင်မှုများပြုလုပ်ခဲ့သေးသည်။ မာဆာသည် အချက်ပြလှိုင်းအဖြစ်သောကြောင့် အလင်းရောင်ကိုမမြင်နိုင်ပေ။အလင်းထွက်သော မာဆာ (သို့မဟုတ်) လေဆာ ( LASER )ကို ပတ္တမြားလေဆာအဖြစ် ပထမဆုံးစမ်းသပ်နိုင်ပြီးမှ ဆက်လက်အောင်မြင်လာခဲ့သည်။
လေဆာရောင်ခြည်ကို ဟောကိန်းထုတ်ခဲ့သော အိုင်စတိုင်း
လေဆာရူပဗေဒအခြေခံသဘောတရားကို ဖေါ်ထုတ်ခဲ့သောအိုင်စတိုင်းသည် မက်စ်ပလန့်၏ ကွမ်တမ်ရူပဗေဒ သဘောတရားကို အခြေခံထားခြင်းဖြစ်သည်။ ကွမ်တမ်အခြေခံသဘောတရားမှာ အက်တမ်(သို ့) မော်လီကျုးများသည် မတူညီသောကိုယ်ပိုင်စွမ်းအင်တန်ဖိုးမျာ ပိုင်ဆိုင်နေကြသည်။
၎င်းတို့ကို စွမ်းအင်ပမာဏအလိုက် ( Energy Level) စွမ်းအင်အဆင့်များကို သတ်မှတ်ထားနိုင်သည်။
ကွမ်တမ်ရူပဗေဒတွင် အမှုန်များ( particles )ကိုစွမ်းအင်အနည်းအများအလိုက် အဆင့်သတ်မှတ်ခြင်းကို Energy Level ဟုယူဆနိုင်သည်။ အိုင်စတိုင်းသည် ၎င်းစွမ်အင်အဆင့် ကွမ်တမ်ရူပဗေဒကိုအခြေခံ၍ လေဆာသဘောတရားကို အချက်(၃)ချက်ဖြင့််ဟောကိန်းထုတ်ခဲ့သည်။
Absorption ၊ stimulated emission ၊ Spontaneous emission.
(1) အရာဝထ္ထုများပါဝင်ဖွဲ့စည်းထားသော အက်တမ်(သို့)မော်လီကျူးတခုပေါ်သို့ပြင်ပမှစွမ်းအင်များ (External energy )ရောက်ရှိလာပါက ၎င်းစွမ်းအင်များကို(Absorption)စုပ်ယူထားနိုင်သည်။ ထိုကဲ့သို့ပြင်ပမှစွမ်းအင်များကို လက်ခံစုပ်ယူထားသော အက်တမ်သည် လုံလောက်သောစွမ်းအင်ပမာဏများ ရရှိပါက ၎င်းရှိနေသောအက်တမ်၏စွမ်းအင်အဆင့်ထက်၊ ပို၍တဆင့်မြင့်သော ( Higher energy level ) သို့ကူးပြောင်းရောက်ရှိ သွားနိုင်သည်။
(2) ပို၍့်မြင့်သောစွမ်းအင်အဆင့် ( Higher energy level )သို့ကူးပြောင်းရောက်ရှိသွားသည့် အက်တမ်သည် - ပို၍့်နိမ့်သော မူလစွမ်းအင်အဆင့် ( Lower energy Level )သို့ ပြန်လည်ဆင်းသက်လျှင် စွမ်းအင်များကို ထုတ်လွှတ်ပေးနိုင်မည်ဖြစ်သည်။၎င်းကို လှုံ့ဆော် ခြင်းဖြင့်စွမ်းအင်ထုတ်လွှတ်ခြင်း ( stimulated emission ) ဟုသတ်မှတ်နိုင်သည်။
(3) အက်တမ်တခုသည် မူလတည်ရှိနေသောစွမ်းအင်အဆင့် ( Energy Level)မှ ပို၍နိမ့်သောအဆင့်( Lower Level )သို့ ( ပြင်ပမှစွမ်းအင် သက်ရောက်မှုမရှိဘဲ)ကူးပြောင်းနိုင်သည်။ထိုသို့ ကူးပြောင်းရာတွင် စွမ်းအင်များကို ထုတ်လွှတ်ပေးနိုင်သောကြောင့် အလိုလျောက် စွမ်းအင်ထုတ်လွှတ်ခြင်း (Spontanenous emission ) ဟုသတ်မှတ်နိုင်သည်။
အထက်ပါ အခြေခံသဘောတရားများဖြင့် လေဆာရောင်ခြည်ကို တီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။လေဆာ ရောင်ခြည် ကိရိယာကို အခြေအနေအမျိုးမျိုးဖြင့် ထုတ်လုပ်နိုင်သည်။ အမျိုးအစားအားဖြင့် -
(၁) အစိုင်အခဲဖြင့်ပြုလုပ်သောလေဆာ ( Solid state Laser )
(၂)အရည်ဖြင့်ပြုလုပ်သော လေဆာ (Liquid laser )
(၃)ဓာတ်ငွေ့ဖြင့်ပြုလုပ်သော လေဆာ( Gas laser)
(၄)တပိုင်းလျှပ်ကူးပစ္စည်းဖြင့်ပြုလုပ်သော လေဆာ ( semiconductor laser)
ယနေ့အချိန်တွင် ပလာစမာနည်းပညာဖြင့် လေဆာရောင်ခြည်ထုတ်လုပ်နိုင်ကြောင်းသိရသည်။





