အခြေခံရူပဗေဒအပိုင်းမှာ ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းကို ရေးသားခဲ့ပြီ။ အနုမြူရူပဗေဒတွင် နယူကလိယမှ အမှုန်များ( သို့) ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းကို ရေဒီယိုသတ္တိကြွခြင်းဟု ခေါ်သည်။ အဓိကအားဖြင့် အယ်ဖာ ၊ဘီတာ ၊ဂမ်မာ စသည့်ရောင်ခြည်များ ထုတ်လွတ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ နယူကလီယမှ ဓာတ်ရောင်ခြည် ဖြာထွက်နေသော ဒြပ်စင်ကို (Radioactive element) ရေဒီယိုသတ္တိကြွဒြပ်စင်ဟုခေါ်သည်။ (ဒြပ်စင်များကို အက်တမ်အမှတ်စဉ်အလိုက် ဇယားဖြင့်လေ့လာ ကြည့်ရှူနိုင်သည် =>----ဒြပ်စင်ဇယား----<= ) ။တနည်းအားဖြင့် ရေဒီယိုသတ္တိကြွခြင်းကို နယူကလီယ အနိစ္စရောက်ခြင်း ( ကွဲကြေပျက်စီးခြင်း) Decay of Nucleus ဟုခေါ်သည်။
နယူကလီယအနိစ္စရောက်ခြင်း ( ကွဲကြေပျက်စီးခြင်း) သရုပ်ပြပုံ
အနုမြူရူပဗေဒသည် နယူကလီယကိုလေ့လာသော ဘာသာရပ်ဖြစ်သောကြောင့် အပြင်ပတ်လမ်းမှ လှည့်ပတ်နေသော အီလက်ထွန်များကို ထည့်သွင်းစဉ်းစားခြင်း မပြုပါ။ နယူကလီယတွင် ဓာတ်ဖိုဆောင်သော ပရိုတွန်များနှင့် လျှပ်စစ်ဓာတ်မဲ့ နယူထွန်များ ပါဝင်သည်။ ဓာတ်ဖို-ပရိုတွန်အချင်းချင်း တွန်းကန်အားဖြင့် သက်ရောက်နေကြသော်လည်း နယူကလီယတွင် စုစည်းလျက်ရှိကြသည်။ အနြုမူဆွဲငင်အားဖြင့် ပရိုတွန်နှင့် နယူထွန်များ စုဝေးကာ နယူကလီယအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ အချို့ နယူကလီယများသည် အစဉ်ထာဝရ စုစည်းနေမှု မဖြစ်နိုင်ပေ။ နယူကလီယအတွင်းမှ ပရိုတွန် (သို့) နယူထွန်များသည် ဓာတ်ရောင်ခြည်များနှင့်အတူ ခွဲထွက်လွင့်စင်လာခြင်းဖြစ်သည်။ထိုကဲ့သို့နယူကလီယ ပြိုကွဲသွားခြင်း(Disintegration)ကို ရေဒီယိုသတ္တိကြွခြင်းဟု အဓိပ္ပါယ်ကောက်ယူနိုင်သည်။ နယူကလီယ ပြိုကွဲမှုဖြစ်နိုင်သောဒြပ်စင်များကို အနုမြူမတည်မြဲခြင်း (Nuclear Unstable ) ဒြပ်စင်များဟု သတ်မှတ်နိုင်သည်။ နယူကလီယပြိုကွဲမှုမရှိသော ဒြပ်စင်များကို အနုမြူတည်မြဲခြင်း (Nuclear Stable ) ဒြပ်စင်များဟုခေါ်သည်။အနုမြူတည်မြဲ ခြင်း ၊မတည်မြဲြုခင်းမှာ နယူကလီယတွင်ပါဝင်သော ပရိုတွန် နှင့် နယူထွန် အရေအတွက်အလိုက် ဖြစ်ပေါ်သည်။ နယူကလီယတွင်ပါဝင်သော ပရိုတွန်အရေအတွက်သည် စုံကိန်း၊ နယူထွန်အရေအတွက်သည် စုံကိန်း ဖြစ်လျှျင် (even – even nuclei) အနုမြူတည်မြဲခြင်းကို တွေ့ရသည် ။ နယူကလီယ အမျိုးစားပေါင်း ( 275 ) မျိုးခန့်ရှိရာတွင် 60% မှာ (even – even nuclei) အမျိူးစားများအဖြစ်တွေ ့ရသည်။ ကျန်သော 40% မှာ ပါဝင်သော ပရိုတွန်နှင့် နယူထွန် အရေအတွက်သည် (စုံ -မ ) even –odd . ၊( မ -စုံ )Odd- even ၊, (မ-မ )odd- odd အမျိုးစားများ အဖြစ်တွေ့ရသည်။၎င်းတို့သည် အနုမြူမတည်မြဲသော နယူကလီယများဖြစ်သည်။ သို့သော် (မ-မ ) odd- odd အမျိုးစား နယူကလီယ (၅)ခုသည် အနုမြူတည်မြဲကြောင်းတွေ့ရပြန်သည်။ ၎င်းတို့မှာ ဟိုက်ထရိုဂျင် (ပရိုတွန် 1 -နယူထွန် 1 ) 2H , လစ်သီယမ် (ပရိုတွန် 3- နယူထွန်3 ) 6Li . ဘိုရွန်( ပရိုတွန် 5- နယူထွန် 5 ) 10B . နိုက်ထရိုဂျင် (ပရိုတွန် 7- နယူထွန်7 ) 14N အိုက်ဆိုတုပ်များဖြစ်သည်။
ပရိုတွန်နှင့်နယူထွန်များသည် တည်ငြိမ်စွာစုစည်းလျက် နယူကလီယအဖြစ် အသွင်ဆောင်နေခြင်းတော့ မဟုတ်ပါ။ ပရိုတွန်နှင့် နယူထွန်များ အတွဲလိုက် လှည့်ပတ်နေကြခြင်းဖြစ်သည်။ နယူကလီယ တည်မြဲခြင်း၊ ပြိုကွဲခြင်းဖြစ်စဉ်များသည် ပါဝင်သော နယူထွန်အရေအတွက်နှင့် ပရိုတွန်အရေအတွက်တို့၏ ( N : Z )အချိုးအလိုက် သက်ရောက်မှုရှိသည်။ N သည် နယူထွန်အရေအတွက်ဖြစ်သည်။ Z သည် အက်တမ်အမှတ်စဉ်(သို့)ပရိုတွန်လုံးရေဖြစ်သည်။
ယေဘုယျအားဖြင့် နယူထွန်နှင့်ပရိုတွန် အရေအတွက် N=Z တူညီကြလျှင် နယူကလီယ တည်မြဲခြင်း ကိုတွေ့ရသည်။ နယူထွန် ၊ပရိုတွန် အချိုးတွင် ပိုင်းဝေ နယူထွန်များလေလေ အချိုးတန်ဖိုး များလေလေဖြစ်သည်။ ပိုင်းခြေ ပရိုတွန်များလေလေ အချိုးတန်ဖိုးနည်းလေလေဖြစ်မည်။ (ဤကား သင်္ချာသဘောတရားဖြစ်သည်။ ) နယူထွန် :ပရိုတွန်အချိုးတန်ဖိုး များလေလေ နယူကလီယတည်မြဲမှု ခိုင်မြဲလေလေဖြစ်သည်။ အကြောင်းမှာ နယူထွန်အချိုးက ပိုများသောကြောင့် နယူကလီယဆွဲအားပြင်း လာခြင်းဖြစ်သည်။ သို့သော် ၎င်းဖြစ်စဉ်သည် အက်တမ်အမှတ်စဉ် (၈၃) ဘစ်စမတ်၊ အထိသာမှန်သည်။ ထိုထက်ကြီးသော ဒြပ်စင်နယူကလီယများတွင် နယူကလီယပြိုကွဲခြင်း ဖြစ်ပေါ်နိုင်သည်။ ဆိုလိုသည်မှာ နယူထွန် : ပရိုတွန် အချိုးတန်ဖိုးများခြင်းသည် နယူထွန်အလုံးရေ ပေါကြွယ်ဝခြင်းဖြစ်သည်။ နယူထွန် များလွန်းလျှင်လည်း နယူကလီယ ပြိုကွဲခြင်းဖြစ်ပေါ်သည်။ ပိုလျှံနေသော နယူထွန်သည် ပြိုကွဲပျက်စီးရာမှ ပရိုတွန်နှင့် ဘီတာအမှုန် (တနည်းအားဖြင့် အီလက်ထွန်ဟု ယူဆနိုင်သည်။) အဖြစ်ပြောင်းလဲဖြစ်ပေါ်သည်။ n => p +e-
နယူထွန် : ပရိုတွန် အချိုးတန်ဖိုး များလေလေ နယူကလီယတည်မြဲမှု ခိုင်မြဲလေ ဖြစ်သော်လည်း အချိုးတန်ဖိုး များလွန်းလျှင် နယူကလီယပြိုကွဲမှု ဖြစ်ပေါ်နိုင်ကြောင်းတွေ့ ရသည်။ နောက်တမျိုး ရလဒ်တခုမှာ နယူထွန်: ပရိုတွန်အချိုးတန်ဖိုး နည်းလေလေ ပရိုတွန်အရေအတွက် ပိုများလေ ဖြစ်မည်။ ပရိုတွန်များ ပိုများလွန်းလျှင် ပိုလျှံနေသောပရိုတွန်များကြောင့် နယူကလီယပြိုကွဲခြင်း ဖြစ်ပေါ်နိုင်သည်။ ပိုလျှံနေသော ပရိုတွန်သည် ပြိုကွဲပျက်စီးရာမှ နယူထွန်နှင့် ပိုစီထရွန် (positive electron ) e+ အဖြစ်ပြောင်းလဲဖြစ်ပေါ်လာသည်။ ။ (ညူ) + p =>n +e+ ထိုကဲ့သို့ ဖြစ်စဉ်များသည် ရေဒီယိုသတ္တိကြွခြင်း အခြေခံသဘောတရားများဖြစ်ပြီး။ ဘီတာရောင်ခြည် ဖြာထွက်ခြင်းဖြစ်စဉ်၏ နမူနာပုံစံဖြစ်သည်။ အိုက်ဆိုတုပ် အားလုံးနီးပါးတွင် ဘီတာရောင်ခြည် ဖြာထွက်ခြင်းဖြစ်ပေါ်နိုင်သည်။ ၎င်း၏ထူးခြားချက်မှာ ဘီတာရောင်ခြည်ဖြာထွက်ရာတွင် နယူကလိယ၏ ဒြပ်ထုတန်ဖိုး(mass )ပြောင်းလဲခြင်းမရှိပဲ အက်တမ်အမှတ်စဉ်တန်ဖိုးသာ ပြောင်းလဲနိုင် ကြောင်းတွေ့ရသည်။ ဥပမာ-ဖေါ့စဖါရပ်ဒြပ်စင်မှ ဘီတာရောင်ခြည်ထွက်ပြီး ၊ဆာဖာဒြပ်စင်သို့ပြောင်းသွားသော်လည်း နယူကလီယတန်ဖိုး(သို့) ဒြပ်ထုတန်ဖိုး မပြောင်းလဲပေ။
15P3 =>16S32 +e- + v - (မှတ်ရန် ။ ။ နယူကလိယမှထွက်လာသော ဘီတာရောင်ခြည်သည် အမှန်တကယ်တွင် အီလက်ထွန် ထွက်လာခြင်းဖြစ်သည်။သို့သော် ဘီတာ ရောင်ခြည် (Beta ) ဟုသတ်မှတ်ထားသည် ။ရေဒီယိုသတ္တိကြွြ့ခင်းကြောင့် ဘီတာရောင်ခြည်များ အလိုအလျောက် ဖြာထွက်လာခြင်းဖြစ်သည်။ ဘီတာရောင်ခြည်သည် ( လျှပ်စစ်ဓာတ်မ ) ဆောင်သော ရောင်ခြည်တမျိုးဖြစ်သည် ။ ထို့ကြောင့် လျှပ်စစ် (သို့) သံလိုက်စက်ကွင်းများနှင့် တွေ့လျှင် လမ်းကြောင်းသွေဖီသွားနိုင်သည်။ဘီတာရောင်ခြည်၏ ဖောက်ထွင်းစွမ်းအားမှာ စက္ကူစာရွက်ကိုသာ ဖေါက်ထွင်းသွားနို်င်ကြောင်းတွေ့ရသည် ။ပလတ်စတစ်နှင့် လူ့၏အသားကို မဖေါက်ထွင်းနိူင်ပေ ။
ဘီတာရောင်ခြည် ဖြာထွက်ခြင်းသာမက၊ အချို့နယူကလိယများ၏ ရေဒီယိုသတ္တိကြွမှုကြောင့် အယ်ဖာ (Alpha ) ရောင်ခြည်ဖြာထွက်ခြင်းလဲတွေ့ရသည်။အယ်ဖာရောင်ခြည်ဆိုသည်မှာ တခြားမဟုတ် ။ ဟီလီယမ် နယူကလိယ ဖြစ်သည်။ ဟီလီဟမ်၏ အက်တမ်အမှတ်စဉ်မှာ Z= 2 ၊ ဒြပ်ထု M = 4 ၊ ဖြစ်သောကြောင့် ပရိုတွန်နှစ်လုံး ၊နယူထွန်နှစ်လုံး ပါဝင်သည်။ ရေဒီယိုသတ္တိကြွနေသော မူလနယူကလိယမှ ပရိုတွန်နှစ်လုံးနှင့် နယူထွန်နှစ်လုံး ( အယ်ဖာအမှုန်အဖြစ်) သီးသန့် ပြိုကွဲသွားခြင်း ဖြစ်သည်။ ထိုကဲ့သို့ နယူကလိယမှ အယ်ဖာအမှုန်များ ပြိုကွဲထွက်သွားလျှင် အနုမြူစည်းနှောင် စွမ်းအင်အချို့လဲ ရောင်ခြည်အဖြစ်ထွက်ပေါ်လာနိုင်သည်။ အနုမြူစည်းနှောင် စွမ်းအင်အကြောင်းကို ရှေ့ပိုင်းတွင်ရေးသားခဲ့ပြီးဖြစ်သည် ။ ထိုကဲ့သို့ အယ်ဖာအမှုန်( သို့) ဟီလီယမ်နယူကလိယ (သို့) အယ်ဖာရောင်ခြည် ပြိုကွဲထွက်သွားသောကြောင့် အနုမြူစည်းနှောင်စွမ်းအင်အဖြစ် ထွက်ပေါ်လာသောရောင်ခြည်မှာ ဂမ်မာရောင်ခြည်ဖြစ်သည်။ဥပမာ - ပိုလိုနီယမ် ဒြပ်စင်မှ ရေဒီယိုသတ္တိကြွပြီး အယ်ဖာရောင်ခြည်(ဟီလီယမ်နယူကလိယ) နှင့်အတူ ဂမ်မာရောင်ခြည်ထွက်လာသည်။ 84 Po210 => 2He4 + r
အယ်ဖာရောင်ခြည်သည် ပရိုတွန် 2လုံး +နယူထွန် 2လုံး ပါဝင်သောကြောင့် အသားတင် လျှပ်စစ်မှာ ဓာတ်ဖိုဆောင်သည်။ ဓာတ်ဖိုဆောင်သောကြောင့် လျှပ်စစ်( သို့) သံလိုက်စက်ကွင်းများနှင့်တွေ့လျှင် လမ်းကြောင်းသွေဖီသွားနိုင်သည်။ အယ်ဖာမှုန်သည် အရွယ်အစားကြီးသောကြောင့် စက္ကူစာရွက်ကိုပင် ဖေါက်ထွင်းမသွားနိုင်ပေ။
ရေဒီယိုသတ္တိကြွမှုကြောင့် အယ်ဖာရောင်ခြည်နှင့်အတူ ဂမ်မာရောင်ခြည်ထွက်နိုင်သော်လည်း ၊ဂမ်မာရောင်ခြည် အလိုအလျောက်ဖြာထွက်ခြင်းလည်းတွေ့နိုင်သည်။ ထိုကဲ့သို့ ဖြစ်စဉ်မျိုးသည် အက်တမ်ကိုပတ်နေသော အီလက်ထွန်များနှင့် သဘောသဘာဝခြင်းဆင်တူကြောင်းတွေ့ရသည် ။
( အက်တမ်တခုတွင် အီလက်ထွန်များသည် နယူကလိယကို ဝန်းရံလျှက်လှည့်ပတ်နေကြသည်။ ထိုသို့ လှည့်ပတ်ရာတွင် စွမ်းအင်အဆင့်အလိုက် ကိုယ်ပိုင်ပတ်လမ်းများရှိသည်။ ပတ်လမ်းတခုတွင် အမျိုးစားတူပါက အီလက်ထွန် နှစ်လုံးမရှိနိုင်။ ကိုယ်ပိုင်ပတ်လမ်းဖြင့် လှည့်ပတ်နေသော အီလက်ထွန် များသည် ပြင်ပမှ စွမ်းအင်အလုံအလောက် ရရှိပါက စွမ်းအင်မြင့်သော အတွင်းပတ်လမ်းသို့ ကူးပြောင်းနိုင်သည်။ သို့တည်းမဟုတ် မူလပတ်လမ်းမှ စွမ်းအင်ပိုနိမ့်သော ပတ်လမ်းကို ကူးပြောင်းသွားလျှင် စွမ်းအင်များကို ထုတ်လွတ်ပေးသည်။ ထုတ်လွတ်သော စွမ်းအင်ကို X-ray အိတ်ရောင်ခြည်အဖြစ်တွေ့ရသည်။ အက်တမ်အတွင်းရှိ အီလက်ထွန်များ၏ သဘာဝဖြစ်စဉ်မှာ သာမာန်အခြေအနေတွင် စွမ်းအင်ပြောင်းလဲမှုမရှိနိုင်ပေ) ။၎င်းဖြစ်စဉ်ကဲ့သို့နယူကလိယတွင် နယူကလီယွန်ဟုခေါ်သော ပရိုတွန်နှင့် နယူထွန်များသည် အချင်းချင်း အပြန်အလှန် လှည့်ပတ်နေကြရာတွင် စွမ်းအင်အဆင့်အလိုက် ပတ်လမ်းများပါဝင်သည်။ နယူကလီယွန်များသည် စွမ်းအင်ပတ်လမ်းတခုမှ နိမ့်သောပတ်လမ်းငို့ ကူးပြောင်းတိုင်း စွမ်းအင်များကို ထုတ်ပေးသည် ။ထိုသို့ ထုတ်လွတ်ရာတွင် Ground state ဟုခေါ်သော သာမာန်အခြေအနေသို့ ရောက်သည်အထိ စွမ်းအင်များ ထုတ်လွတ်မည် ။ ထိုကဲ့သို့ အလိုအလျှောက် စွမ်းအင်ထုတ်လွတ် နေခြင်း(သို့မဟုတ်) ဂမ်မာရောင်ခြည်ဖြာထွက်ခြင်းကို အက်တမ်အမှတ်စဉ်ကြီးသော heavy nuclei နယူကလိယများတွင်တွေ့နိုင်သည်။ ဥပမာ - ယူရေနီယမ်ကဲ့သို့ ဒြပ်စင်သည် ဂမ်မာရောင်ခြည် အလိုအလျှောက် ထွက်နေကြောင်းတွေ့ရသည်။ ဂမ်မာရောင်ခြည်သည် လျှပ်စစ်သံလိုက်ရောင်ခြည်ဖြစ်သည်။ ဂမ်မာအမှုန်ဟု ခေါ်ဆိုနိုင်သော်လည်း စွမ်းအင်အထုပ်ကလေးများ ( Energy packet) အသွင်ဆောင်ပြီး ဒြပ်ထုမရှိပေ။လျှပ်စစ်ဓာတ်မရှိပဲ စွမ်းအင်သီးသန့် ရောင်ခြည်ဖြစ်သောကြောင့် လျှပ်စစ်( သို့) သံလိုက်စက်ကွင်းများနှင့်တွေ့လျှင် လမ်းကြောင်းသွေဖီခြင်းမရှိပဲ အလင်းကဲ့သို့ တစ်ဖြောင့်ထဲရှိသည်။ ဂမ်မာရောင်ခြည်သည် ဖောက်ထွင်းစွမ်းအား အမြင့်ဆုံးဖြစ်သည်။ ထို့ကြောင့် အန္တရယ်ရှိသောရောင်ခြည်တမျိုးဖြစ်သည် ။ ဂမ်မာရောင်ခြည်သည် ခဲသတ္တုကို 30စင်တီမီတာသာ ဖေါက်ထွင်းနိုင်သောကြောင့် ၊ ၎င်းကိုကာကွယ်ရန် ခဲသတ္တုများဖြင့် သိုလှောင်ထားရ၏ ။ထို့ပြင် ဓာတ်ခွဲခန်းများတွင် ခဲသတ္တုအပြင် ၊ဖယောင်းကိုလဲ အသုံးပြုသည်။
ရောင်ခြည် ၃ မျိုး၏ ဖေါက်ထွင်းနိုင်မှုသရုပ်ပြပုံ
အချုပ်အားဖြင့် ရေဒီယိုသတ္တိကြွမှုနှင့်သက်ဆိုင်သော နယူကလိယများကို ယေဘုယျအားဖြင့် အမျိုးအစား (၅)ခု ဖြင့် လေ့လာတွေ့ရသည်။
(၁)အနုမြူတည်မြဲသောနယူကလိယများ- ဆိုသည်မှာ ရေဒီယိုသတ္တိကြွခြင်း မရှိသော နယူကလိယများဖြစ်သည်။ထိုကဲ့သို့ အနုမြူတည်မြဲသော နယူကလိယအမျိုးစားပေါင်း ၂၆၄ မျိုးတွေ ့ နိုင်သည်။ သို့သော် ၎င်းတို့သည် အစဉ်သဖြင့်တည်မြဲနေသည် မဟုတ်ပေ။ ရေဒီယိုသတ္တိကြွမှု အလွန်သေးငယ်သောကြောင့် တိုင်းတာ၍မရနိုင်ခြင်းဖြစ်သည်။သက်ရှိသက်မဲ့အားလုံး ဖြစ်ပြီးလျှင် ပျက်ရမည်ဟူသော လောကနိယာမတရားကို ဆန့်ကျင်၍မရပါ ။သို့သော် ယေဘုယျအားဖြင့် တည်မြဲသည်ဟု သတ်မှတ်ထားသည်။ ဥပမာ -ကာဗွန် ၊ နိုက်ထရိုဂျင် ၊ အောက်ဆီဂျင် …
(၂)ပထမမျိုးဆက် ရေဒီယိုသတ္တိကြွ နယူကလိယများ - ဆိုသည်မှာ နေအဖွဲ့အစည်းအတွင်းရှိ ကမ္ဘာမြေပေါ်တွင် သဘာဝအတိုင်းတွေ့ရသော နယူကလိယများဖြစ်သည်။၎င်းတို့၏ သက်တမ်းဝက်မှာ အလွန်ရှည်လျားပြီး ၂၆ မျိုးခန့်တွေ့ရသည် ။ ဥပမာ - ယူရေနီယံ ၂၃၈ ၊ ပိုတက်စီယံ ၄၀ ၊ ရူဘီဒီယံ ၈၇ …
(၃)ဆင့်ပွါးမျိုးဆက် ရေဒီယိုသတ္တိကြွ နယူကလိယများ - ဆိုသည်မှာ ပထမမျိုးဆက်နယူကလိယမှ ရေဒီယိုသတ္တကြွပြီး ကြွင်းကျန်နေသော နယူကလိယကို ဆိုလိုခြင်းဖြစ်သည် ။၎င်းသည်လည်း ရေဒီယိုသတ္တကြွခြင်းဖြစ်ပေါ်နေသည်။ ဥပမာ- ယူရေနီယံ ၂၃၈ သည် သဘာဝအတိုင်းရေဒီယို သတ္တိကြွခြင်းကို တွေ့ရသည်။ ၎င်းယူရေနီယံသည် နှစ်သန်းပေါင်း ၄၅၀ကြာသောအခါ သိုရီယံ၂၃၄ (နယူကလိယ )အဖြစ်ပြောင်းလဲသွားမည် ။၎င်း သိုရီယံသည်လည်း ရေဒီယို သတ္တိကြွရာမှ ၂၅ ရက်ကြာသောအခါ ပရိုတက်စတီနီယံ ၂၃၄ အဖြစ် အသွင်ပြောင်းသွားမည် ။ထိုမှတဆင့် ၆ရက်ကြာသောအခါ ယူရေနီယံ ၂၃၄ အဖြစ် ပြောင်းလဲသွားမည်။ ထိုကဲ့သို့ အဆင့်ဆင့်ပြောင်းလဲလာရာမှ နောက်ဆုံး ကြွင်းကျန်နေသော နယူကလိယမှာ ခဲသတ္တုဖြစ်သည်။ အထက်ပါအတိုင်း ယူရေနီယံ ၂၃၈ မှ အဆင့်ဆင့်ပြောင်းလဲသွားသော နယူကလိယများကို ဒုတိယမျိုးဆက် ရေဒီယိုသတ္တိကြွ နယူကလိများဟုခေါ်သည် ။၎င်းဖြစ်စဉ်ကို Radioactive series ဟုခေါ်သည်။
ယူရေနှီယံ ၂၃၈ ၏ Radioactive series အဆင့်ဆင့်ပြောင်းလဲပုံ
Radioactive series ဖြစ်စဉ်ကို မြန်မာလိုနားလည်နိုင်စေရန် ဥပမာဖြင့် တင်ပြပါအံ့။ အလွန်ကြီးမားသော သစ်ပင်ကြီးတစ်ပင်သည် သက်တမ်းအလွန်ကြာရှည်စွာ တည်ရှိနေသည်ဆိုပါစို့။ နောင်တချိန်တွင် ၎င်းသစ်ပင်ကြီး သေသွားသောအခါ ခုတ်ပိုင်း ဖြတ်လိုက်လျှင် ထင်းအဖြစ်သို့ ပြောင်းလဲသွားမည်။ ရရှိလာသောထင်းကို လောင်စာအဖြစ် အသုံးပြုလျှင် မီးသွေးအဖြစ် ကျန်ရှိနေဦးမည်။ မီးသွေးဆက်လက်လောင်ကျွမ်းလျှင် နောက်ဆုံးတွင် ပြာမှုန်များအဖြစ် ကြွင်းကျန်နေမည် ။သစ်ပင်ကြီးမှ ပြာမှုန်အဖြစ်သို့ အဆင့်ဆင့် ပြောင်းလဲ သွားသကဲ့သို့၊ ယူရေနီယံ ၂၃၈ မှ ရေဒီယို သတ္တိကြွပြီး အဆင့်ဆင့်ပြောင်းလဲလာရာ နောက်ဆုံးတွင် ခဲသတ္တုအဖြစ် ကြွင်းကျန်နေမည်ဖြစ်သည်။
(၄)သဘာဝဖြစ်စဉ်ကြောင့် ရေဒီယိုသတ္တိကြွသော နယူကလိယများ - ဆိုသည်မှာ အာကာသမှ ရောက်ရှိလာသော ကော့စမစ်ရောင်ခြည်များကြောင့်ဖြစ်သည်။ကော့စမစ်ရောင်ခြည်တွင် နယူထွန်မှုန် များပါဝင်နေသောကြောင့် လေထုထဲရှိ နိုက်ထရိုဂျင်(7)နှင့် ဓာတ်ပြုရာမှ ရေဒီယိုသတ္တိကြွခြင်းဖြစ်သည်။
ဥပမာ - N14 (n,p)C 12 , N14 (n,t)C14
(၅)ဖန်တီးထားသော ရေဒီယိုသတ္တိကြွ နယူကလိယများ - ဆိုသည်မှာ သိပ္ပံပညာရှင်များက ဒြပ်စင်များကို ရောစပ်၍ ရေဒီယိုသတ္တိကြွစေရန် ဖန်တီးထားသော နယူကလိယများဖြစ်သည် ။ဥပမာ- Co60 , Cs137 ,Na24 တို့ဖြစ်သည် ။
ရေဒီယိုသတ္တိကြွ နယူကလိယများ၏ သက်တမ်းဝက် ၊ကြာချိန်နှင့်ဓာတ်ရောင်ခြည်အမျိုးစားများ(ဇယား)




