ကျွန်တော်တို့ရဲ့ ရှေးမြန်မာလူကြီးတွေက သိပ္ပံပညာကို လောကဓာတ်ပညာလို့ခေါ်ကြတယ်ဗျ။ အဲဒီတော့ ရူပဗေဒပညာ ကိုလည်း လောကဓာတ်ပညာ လို့ခေါ်နိုင်ပါတယ် ။ လောကဓာတ်ပညာလို့ ဘာကြောင့်ခေါ်ကြသလဲဆိုတော့ လောကထဲမှာရှိရှိသမျှ အရာအားလုံးကို (ပထဝီ၊ တေဇော ၊အာဘော ၊ဝါယော ) ဓာတ်ကြီးလေးပါးနဲ့ပါဝင်ဖွဲ့စည်းထားခြင်းကြောင့် ဖြစ်ပါတယ် ။ အဲတာကြောင့်လည်း ကျွန်တော်တို့တွေ (ဓာတ်) ဆိုတဲ့ဝေါဟာရကို နေ့စဉ်သုံးနေကြတယ်လို့ ထင်ပါတယ်။ဥပမာ- ဓာတ်မီး၊ ဓာတ်မီးတိုင်၊ ဓာတ်ကြိုး၊ ဓာတ်ခဲ၊ ဓာတ်ဘူး၊ ဓာတ်မှန်၊ ဓာတ်ရထား၊ ဓာတ်လုံး ၊ ဓာတ်ရှင် (ရုပ်ရှင်) ၊ဓာတ်ရိုက်ဓာတ်ဆင် ၊ဓာတ်ဆရာနတ်ဆရာ….. စသဖြင့် “ဓာတ်” ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြတာကိုတွေ့ရပါတယ်။ ဖီးကျူမှာ စွယ်စုံကျမ်းလည်း မပါခဲ့လို့ “ဓာတ်”ကို ဘယ်လို အဓိပ္ပါယ် ဖွင့်တယ်ဆိုတာ ပြောပြဖို့ခက်ပါတယ် ။ ဖီးကျူ ကိုယ်တိုင် အဓိပ္ပါယ်ဖွင့်ဆိုပြီး ယူဆမိတာကတော့ ထူးခြားနက်နဲတဲ့ ဂုဏ်သတ္တိတခုခု ရှိနေတာကို ဖေါ်ပြချင်ရင် “ဓာတ်” ဆိုတဲ့ ဝေါဟာရကို အသုံးပြု ကြတယ်လို့ ထင်ပါတယ် ။ ရေဒီအေးရှင်း (Radiation) ဆိုတာကို အဘိဓာန်မှာ ရှာကြည့်တဲ့အခါ ရောင်ခြည် ဖြာထွက်ခြင်းလို့ ဖွင့်ဆိုပါတယ် ။ဒါပေမဲ့ ရောင်ခြည် ဖြာထွက်ခြင်းမှာ ထူးခြားနက်နဲတဲ့ ဂုဏ်သတ္တိတွေရှိနေတာကြောင့် ရောင်ခြည်ဖြာထွက်ခြင်းရဲ့ရှေ့မှာ “ဓာတ်” ဆိုတာကို ဖြည့်စွက်ပြီး “ ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း ” ဟု ခေါင်းစဉ်တပ်ပြီးရေးသားပါတယ် ။

ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း (Radiation) အဓိပ္ပါယ်ကို ယေဘုယျ ဖေါ်ပြရရင် - စွမ်းအင်များ တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းခြင်းကို ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းလို့ သတ်မှတ်ပါတယ်။ စွမ်းအင်ကူးပြောင်းခြင်းမှာ လှိုင်းအသွင်သဏ္ဍာန်နဲ့ ကူးပြောင်းပါတယ်။ စွမ်းအင် အမျိုးအစားအလိုက် လှိုင်းအသွင်သဏ္ဍာန်တွေလည်း မတူညီနိုင်ပါဘူး။လှိုင်းအလျား (Wave length) အတို ၊အရှည်အလိုက် ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း အမျိုးအစားများကို ခွဲခြားသတ်မှတ်ထားပါတယ်။ ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းမှာ လူ့မျက်စိနဲ့မြင်နိုင်တာလည်ရှိသလို ၊မျက်စိနဲ့မမြင်နိုင် တဲ့ရောင်ခြည် တွေလည်းရှိပါတယ်။ဘာကြောင့်လည်းဆိုတော့ လှိုင်းအလျား 400 nm- 700 nm နာနိုမီတာ အတွင်းမှာလူ့မျက်စိနဲ့မြင်နိုင်ပါတယ်။ လှိုင်းအလျားသည် ၄ဝဝ-နာနိုမီတာထက် တိုရင်ဖြစ်စေ၊ ၇ဝဝ- နာနိုမီတာထက်ရှည်ရင်ဖြစ်စေ မျက်စိဖြင့် မမြင်နိုင်ပါ။ (နာနိုမီတာ=တစ်မီတာ၏ သန်းတစ်ထောင်ပုံတစ်ပုံ1nm= 10-9m )။လျှပ်စစ်သံလိုက်လှိုင်း ( Electromagnetic Wave) များဖြာထွက်နေခြင်းကို လှိုင်းအလျားအတို ၊အရှည် အစီအစဉ်အတိုင်း သတ်မှတ်ထားပြီး လျှပ်စစ်သံလိုက် ရောင်စဉ်များအဖြစ် (Electromagnetic spectrum)လေ့လာနိုင်ပါတယ်။
လျှပ်စစ်သံလိုက် ရောင်စဉ်ဖြာထွက်ခြင်းကို လှိုင်းအလျား(Wave length ) အစီအစဉ် ဖြင့်သတ်မှတ်ထားသဖြင့် လှိုင်းအလျားကိုသိလျှင် လှိုင်းကြိမ်နှုန်း (frequency ) နှင့် စွမ်းအင်ပမာဏ (Energy) ကိုတွက်ယူနိုင်သည် ။ လျှပ်စစ်သံလိုက်လှိုင်းများ၏ အလျင်သွားနှုန်း (Velocity) ကိုတော့ အလင်းအလျင်အတိုင်း ပျမ်းမျှ ( 3×108 )သတ်မှတ်ထားပါတယ်။
C=f λ , E = hν
C = velocity of light အလင်းအလျင်ကိန်းသေ
( 3×108 m-s )
F , ν= frequency လှိုင်းကြိမ်နှုန်း
λ= wavelength လှိုင်းအလျား
E =Energy စွမ်းအင်

ဖေါ်ပြထားသော ပုံသေနည်းများအရ လှိုင်းအလျားတိုလေလေ လှိုင်းကြိမ်နှုန်းနှင့် စွမ်းအင်များ လေလေဖြစ်ပြီး ၊လှိုင်းအလျားရှည်လေလေ လှိုင်းကြိမ်နှုန်းနှင့် စွမ်းအင်နည်းလေလေဖြစ်မည်။ထို့ ကြောင့် လှိုင်းကြိမ်နှုန်း နှင့်စွမ်းအင်တို့သည် လှိုင်းအလျားဖြင့်ပြောင်းပြန်အချိုး သက်ရောက်နေကြောင်းတွေ့ရ သည်။အထက်ပါပုံတွင် ပြထားသည့်အတိုင်း မျက်စိဖြင့် မြင်နိုင်သောအလင်းရောင်(Visible Light)သည် အလယ်တွင်ရှိနေပြီး ညာဘက်သို့ရောက် လေလေ၊ လှိုင်းအလျား ပိုရှည်လေဖြစ်သည်။ဘယ်ဘက်သို့ ရောက်လေလေ လှိုင်းအလျားပိုတိုလေဖြစ်ကြောင်းတွေ့ရသည်။
မျက်စိဖြင့်မြင်နိုင်သောအလင်း (Visible Light) သည် လျှပ်စစ်သံလိုက်လှိုင်း အမျိုးစားထဲတွင်ပါဝင် ကြောင်းတွေ့ရသည်။ ထို့ပြင် ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းသည် စွမ်းအင် ကူးပြောင်းခြင်းဖြစ်သော ကြောင့် အလင်းသည် စွမ်းအင်တမျိုးဖြစ်သည်။ အလင်း(Light)ကို ရူပဗေဒနည်းဖြင့် အဓိပ္ပါယ်ဖွင့်ဆို သော် မျက်စိ၏အမြင်အာရုံကို လှုံ့ဆော်ပေးသောစွမ်းအင် အသွင်တမျိုးဟု ဖြစ်သည်။အလင်းရောင်ဖြာထွက်ခြင်းတွင် အပူစွမ်းအင်အဖြစ်လည်းတွေ့ ရှိရသည်။ ထို့ကြောင့် အလင်းသည် ဓာတ်ကြီးလေးပါးမှ တေဇောဓာတ်ဖြစ်သည်။ နေ ၊မီးသီး ၊ဖယောင်းတိုင် …စသည့်အလင်းလွတ်ပင်ရင်းများမှ (sources) ထွက်ပေါ်လာသော အလင်းသည် ကိန်းသေအလျှင် တခုတည်းရှိသည်။ အလင်းရောင်ဖြာထွက်ခြင်းကို အိုင်စက်နယူတန်က( Newton ) အမှုန်သီအိုရီ(particle theory) ဖြင့်ဖေါ်ထုတ်ဖြေရှင်းခဲ့သည်။အလင်း သည် အမှုန်သဘာဝရှိသည်ဟု တင်ပြခဲ့သည်။ သို့သော် နယူတန်နှင့်ခေတ်ပြိုင် ရူပဗေဒပညာရှင် ဒတ်ချ်လူမျိုး ဟေးဂန်း (Christiaan Huygens)က အလင်းသည် လှိုင်းသဘာဝရှိသည်ဟု တင်ပြခဲ့ပြီး လှိုင်းသီအိုရီကို ဖေါ်ထုတ်ခဲ့သည်။ အလင်းပြန်ခြင်း ၊အလင်းယိုင်ခြင်းများကိုလည်း တွက်ချက်ပြခဲ့သည်။ သိပ္ပံပညာရှင်နှစ်ဦ၏ အလင်းသီအိုရီများမှာ မတူညီကြသဖြင့် အငြင်းပွါးစရာဖြစ်ခဲ့ရသည်။ သို့သော် ၎င်းတို့၏သီအိုရီများကို တွက်ချက်ကြည့်ရာတွင် မှန်ကန်နေကြောင်းကိုလည်းတွေ့ရသည်။ထို့ကြောင့် သီအိုရီနှစ်ခုကို သဘောတူလက်ခံလိုက်သောအခါ အလင်းသည် လှိုင်းသဘာဝနှင့် အမှုန်သဘာဝ နှစ်မျိုး (Dual Nature) ရှိကြောင်းတွေ့ရသည်။သို့သော် အချိန်တပြိုင်နက်ထဲမှာ လှိုင်းသဘာဝ ၊အမှုန် သဘာဝနှစ်မျိုးဖြင့် တွက်ယူဖြေရှင်းလို့ မရပေ။ အလင်းကို အမှုန်ဟု စဉ်းစားလျင် လှိုင်းသဘာဝကို လျစ်လျူရှူရမည်။အလင်းကို လှိုင်းသဘာဝဟု စဉ်းစားလျင် အမှုန်သဘာဝကို လျစ်လျူရှူထားရမည် ။ ထို့နောက် အိုင်စတိုင်းက အလင်းသည် စွမ်းအင်(Energy transfer )ကူးပြောင်းခြင်းဖြစ်သောကြောင့် ပါဝင်သောစွမ်းအင်များသည် ကွမ်တမ်သီအိုရီအရ တသမတ်တည်းမဟုတ်ပဲ ပြတ်တောင်းတန်ဖိုးရှိ သည်ဟု တင်ပြခဲ့သည်။ မတူညီသော စွမ်းအင်အထုပ် (Energy packet)များ စုပေါင်းပါဝင်ပြီး အလင်းအရောင်ဖြာထွက်ခြင်း ဖြစ်သည်ဟုတင်ပြခဲ့သည်။ ၎င်းစွမ်းအင် အထုပ်ကလေးများကို အမှုန်ဟု ယူဆသော် ဒြပ်ထုမရှိသော စွမ်းအင်အမှုန်- ဖိုတွန် (Photon)ဟု အမည်ပေးခဲ့သည်။ ၎င်းဖိုတွန်ကို ဖေါ် ထုတ်ခဲ့သောကြောင့် သိပ္ပံပညာရှင်အိုင်စတိုင်းသည် ရူပဗေဒနိုဗယ်ဆုကို ရရှိခဲ့၏။

သုံးမြှောင့်ဖန်တုံးဖြင့် အရောင် (၇)မျိုးထွက်လာပုံ
( Light)သည် အရောင်(၇)မျိုးဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်းတွေ့ရသည်။ရောင်စဉ် (၇)မျိးကို ကောင်းကင်ပေါ်တွင် သက်တန့်အဖြစ်တွေ့ရှိနိုင်သလို ၊သုံးမြှောင့်ဖန်တုံးဖြင့်လည်း စမ်း သပ်ကြည့်ရှူနိုင်သည်။ ခရမ်း ၊မဲနယ် ၊အပြာ ၊အစိမ်း ၊အဝါ ၊လိမ်မော် ၊အနီ (၇)မျိုးသည် လှိုင်းအလျား အစီအစဉ်အတိုင်းဖြစ်ပြီး ခရမ်းရောင်သည် လှိုင်းအလျား အတိုဆုံးဖြစ်ပြီး ၊အနီရောင်သည်လှိုင်းအလျား အရှည်ဆုံးဖြစ်သည်။ နေမှလာသောတိုရိုက် အလင်းဖြစ်စေ ၊ဂဟေဆက်သည့် ဝရိန်ဆော်ခြင်းမှ ဖြစ်စေ ထိုကဲ့သို့ စူးရှတောက်ပသော အလင်းရောင်များကို မျက်စိဖြင့်ကြည့်မိပါက အမြင်အာရုံခံလွှာကို ပျက် စီးစေနိုင်သည်။လျှပ်စစ်သံလိုက်ရောင်စဉ်များကို လှိုင်းအလျားအလိုက် ဆက်လက်လေ့လာကြည်နိုင်၏။
အနီအောက်ရောင်ခြည်( Infra Red IR )သည် မြင်နိုင်သောအလင်း(visible light)အောက် ရှိပြီး ကြိမ်နှုန်း(Frequency)နည်းသဖြင့် အနီအောက်ရောင်ခြည်ဟု ခေါ်သည်။သို့ သော် လှိုင်းအလျားပိုရှည်သည်။အနီအောက်ရောင်ခြည်ကို မျက်စိဖြင့် မမြင်နိုင်သော်လည်း အရေပြားပေါ် ကျရောက်လျင် အပူဓာတ်ကို ခံစားရသည်။ထို့ကြောင့် ပူသောအရာဝထ္ထုများသည် အနီအောက်ခြည်များ ထုတ်လွတ်သည်။ ဒါ့အပြင် နေ၊ ကြယ်တာရာ ၊ဆလိုက်မီး စသည်တို့ မှလည်း အနီအောက်ရောင်ခြည်ထွက်သည်။ အနီအောက်ရောင်ခြည်ကို တီဗွီရီမုတ်ကွန်ထိုးတွင် အသုံးပြုသည်။အားကစားသမားများ ထိခိုက်ဒဏ်ရာ ရပါက အပူမီးချောင်းများသုံး၍ အနီအောက်ရောင်ခြည်ဖြင့် ဆေးကုသမှုပြုလုပ်သည်။ထို့ပြင်မိုဘိုင်းဖုန်း ကင်မရာများတွင်လည်း အသုံးပြုသည်။ ထောက်လှမ်းရေးများ ညအခါအသုံးပြုသည့် ကင်မရာများကို အနီအောက်ရောင်ခြည်ဖြင့် ပြုလုပ်ထားသည်။ လုံခြုံရေးအချက်ပေး ကိရိယာများကိုလည်း အနီအောက်ရောင်ခြည် အာရုံခံ(sensor )အဖြစ်အသုံးပြုသည်။

မိုက်ခရိုဝေ့ မီးဖိုဖြင့် အစားအစာများချက်ပြုတ်နေပုံံ
မိုက်ခရိုဝေ့ (Micro wave) သည် မျက်စိဖြင့်မမြင်နိုင်ပါ ။ကြိမ်နှုန်းမြင့်သော ရေဒီယိုလှိုင်းတမျိုး ဖြစ်သည်။ထို့ကြောင့် မိုဘိုင်းဖုန်းများနှင့် အိတ်ဆောင်ရေဒီယို(digital)များတွင် အသုံးပြုသည်။ဂြိုလ်တု စလောင်းများနှင့် လုံခြုံရေးကင်မရာ၊ မီးပွိုင့်-လမ်းကူးကင်မရာများတွင်လည်း မိုက်ခရိုဝေ့ကို သုံးသည်။ မိုးလေဝသဌာန ၊သင်္ဘော ၊လေယာဉ်များတွင် ရေဒါ (Radar) တပ်ဆင်ရာ၌ မိုက်ခရိုဝေ့ကို အသုံးပြု သည်။ ထို့ပြင် အစားအစာ ချက်ပြုတ်ရာတွင် မီးဖိုများကို မိုက်ခရိုဝေ့ဖြင့် အသုံးပြုသည်။ သို့သော် မိုက်ခရိုဝေ့ မီးဖိုဖြင့် ချက်ပြုတ်သောအခါ အိုးအဖုံးကို ခဏခဏ ဖွင့်ကြည့်ခြင်း၊ မီးဖိုတည့်တည့်တွင် မျက်နှာမူခြင်းများ ပြုလုပ်ရန်မသင့်ပေ။ထို့ပြင် မိုဘိုင်းဖုန်း အမြဲတမ်းပြောသူများတွင် မိုက်ခရိုဝေ့ကြောင့် ဦးနောက်အာရုံကြောကို ထိခိုက်နိုင်သည်။
ရေဒီယိုလှိုင်း( Radio wave) သည် မျက်စိဖြင့်မမြင်နိုင်ပါ။လျှပ်စစ်သံလိုက်လှိုင်းတွင် ကြိမ်နှုန်း အနည်းဆုံးဖြစ်သည်။ ရေဒီယိုအသံလွင့်ရုံများတွင် ရေဒီယိုလှိုင်းများကို ထုတ်လွတ်သည်။ ကြယ်များနှင့် လျှပ်စီးလက်ခြင်း ၊မိုးကြိုးပစ်ခြင်းတွင်လည်း ရေဒီယိုလှိုင်းများထွက်ရှိသည်။ ထို့ ကြောင့် ရေဒီယိုအသံ ဖမ်းယူလျှင် တကျွီကျွီ ဆူညံသံများ ကြားရခြင်းဖြစ်သည်။ အသံလွင့်ရုံများတွင် ရေဒီယိုလှိုင်းတို ၊လှိုင်း လတ်များဖြင့်ထုတ်လွင့်သည်။ကြိမ်နှုန်းမြင့် ရေဒီယိုလှိုင်းများကို "Very High Frequency" FM -အက်ဖ်အမ်-ရေဒီယိုအသံလွင့်ရုံများတွင် အသုံးပြုသည်။ကြိမ်နှုန်းအလွန်မြင့် "Ultra High Frequency" ရေဒီယိုလှိုင်းများကို ရုပ်မြင်သံကြားဌာနများ ၊ပုလိပ်များသုံးသော စကားပြောစက်များ ၊စစ်သုံးလေယာဉ် ရေဒီယိုများတွင် အသုံးပြုသည်။ရေဒီယိုလှိုင်းများ အလွန်အကျွံထိတွေ့မိပါက ကင်ဆာရောဂါ ၊လူကီးမီး ယားကဲ့သို့ သွေးကင်ဆာနှင့် အခြားရောဂါများ ဖြစ်စေနိုင်သည်။ ထို့ပြင် အသံလွင့် တာဝါတိုင်များနှင့် လျှပ်စစ်ဓာတ်အာပေး ကေဘယ်ကြိုးကြီးများ အနီးတဝိုက်တွင် နေထိုင်သူများမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
ခရမ်းလွန်ရောင်ခြည် (Ultra Violet) သည်မျက်စိဖြင့်မမြင်နိုင်ပါ။ခရမ်းရောင်ထက် လှိုင်းအလျားတိုပြီး လှိုင်းကြိမ်နှုန်းများသော လျှပ်စစ်သံလိုက်လှိုင်းဖြစ်သည်။ သဘာဝအားဖြင့် နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ကို အိုဇုန်းလွှာက ကာကွယ်ပေးထားသည်။သို့သော် အိုဇုန်းလွှာ ပါးလွှာမှုကြောင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှာ ခြိမ်းခြောက် လျက်ရှိသည်။အသားနေလောင်ခြင်းမှာ ခရမ်းလွန်ရောင် ခြည်ကြောင့် ဖြစ်သည်။သို့သော် သင့်လျော်သော ခရမ်းလွန်ရောင်ခြည်ကို နေပူစာလံှူ၍ ခံယူပါက ဘီတာမင်-ဒီ (vitamin D)ကိုရရှိစေသည်။ ညအခါ လျှပ်စစ်မီးထွန်းရာတွင် ပလူ၊ ခြင်၊ယင် …စသည့် အင်းဆက်ပိုးမွှားများ လာရောက်စုဝေးခြင်းမှာ ခရမ်းလွန်ရောင်ခြည်က အင်းဆက်ပိုးများကို ဆွဲဆောင် နိုင်သောကြာင့်ဖြစ်သည်။စားသောက်ဆိုင်များ ၊ဟော်တယ်များတွင် ပိုးမွှားခြင် ၊ယင်များ ကာကွယ်ရန် ခရမ်းလွန်ရောင်ခြည် မီးချောင်းများကို လျော့တိုက်ထားသော သံဇကာအတွင်းထည့်၍အသုံးပြုသည်။ ဆေးရုံခွဲစိတ်ခန်း ၊ဓာတ်ခွဲခန်းများတွင် ဘက်တီးရီးယား ပိုးများသတ်ရန် ခရမ်းလွန်ရောင်ခြည်ကို အသုံးပြုကြသည်။ စားသောက်ဆိုင် ၊နိုက်ကလပ်များသို့ ရောက်သောအခါ သင်၏အင်္ကျီအဝတ်အစား များ အရောင်တမျိူး တောက်ပ နေခြင်းမှာ ခရမ်းလွန်ရောင်ခြည်ပါသော မီးသီးများကြောင့်ဖြစ်သည်။

ခရမ်းလွန်ရောင်ခြည်မီးချောင်းဖြင့် အင်းဆက်များကို ရှော့တိုက်သတ်သော သံဇကာာအိမ်
ပိုက်ဆံအစစ် ၊ အတု ၊ပတ်စပို့အစစ်အတု များကို ဖေါ်ထုတ်ရာတွင် အသုံးပြု ကြသည်။ မျက်စိဖြင့်မမြင်နိုင်သော လျှို့ဝှက်စာများရေးရာ၌ ဖေါင်တိန်များတွင် ( fountain-pen ) မင် ခြောက်ကို အသုံးပြုသည်။၎င်း မှင်ခြောက်ဖြင့်ရေးထားသောစာကို ခရမ်းလွန်ရောင်ခြည်ဖြင့် ကောင်းမွန်စွာဖတ်ရှူနိုင်သည်။
ခရမ်းလွန်ရောင်ခြည် အလွန်အကျွံကျရောက်ခြင်းကြောင့် မျက်စိအမြင်အာရုံလွှာကို ထိခိုက်ပျက်စီးစေ နိုင်သည်။ ထို့ကြောင့် နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ကို နေကာမျက်မှန်တပ်ခြင်းဖြင့် ကာကွယ် နိုင်သည်။ သို့သော် သင်တပ်ဆင်အသုံးပြုနေသော နေကာမျက်မှန်သည် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်မပေးနိုင်လျှင် မျက်စိအာရုံခံလွှာကို ပိုမိုပျက်စီးစေနိုင်သည်။ အမြင်အာရုံအလင်းတန်းများကို တာဆီးထားပြီး ၊ခရမ်းလွန်ရောင်ခြည်များ ပိုမိုကျရောက်စေနိုင်သောကြောင့် အန္တရာယ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ပရိတ်သတ်အနေဖြင့် နေကာမျက်မှန်အသုံးပြုဖို့ ဝယ်တော့မယ်ဆိုရင် ဈေးချောင်တာကို မဝယ်ပါနဲ့။ဈေးကြီးသော်လည်း ခရမ်းလွန်ရောင်ခြည်ကာကွယ်ပေးသည့် အာမခံချက်များကို သေချာ စွာစစ်ဆေးပြီးမှ ဝယ်ယူပါ။ စတိုးဆိုင်များ၏ ခပ်ပေါ့ပေါ့အာမခံချက်များထက် မိမိကိုယ်တိုင် သေချာစွာ စစ်ဆေးနိုင်မှ သင်၏မျက်လုံးကို ကာကွယ်ရာရောက်ပေလိမ့်မည်။ ခရမ်းလွန်ရောင်ခြည်ကို အရေပြား ပေါ်သို့ အလွန်အကျွံကျရောက်ပါက အသားနေလောင်ခြင်းနှင့် အရေပြားကင်ဆာရောဂါများ ဖြစ်စေ နိုင်ပါသည်။
အိတ်စ်ရောင်ခြည် ( X -Ray ) သည် မျက်စိဖြင့်မမြင်နိုင်သော်လည်း လှိုင်းကြိမ်နှုန်းမြင့်သော လျှပ်စစ်သံလိုက်လှိုင်းတမျိုးုဖြစ်သည်။ကြယ်များနှင့် နက်ဗျူလာ (ညအခါ ကောင်းကင်ယံ၌ မှုန်ပျပျမြင်ရသော အာကာသမှ ကြယ်စု)တို့မှ အိတ်စ်ရောင်ခြည်များထုတ်လွတ်ကြောင်းတွေ့ရသည်။စကြာဝဠာ ၊နေ နှင့် အာကာသမှ အိတ်ရောင်ခြည်များထုတ်လွတ်သည်။ သို့သော် ကမ္ဘာလေထုက အိပ်စ်ရောင် ခြည်များကို ကာကွယ်ထားသောကြောင့် အန္တရာယ်မဖြစ်နိုင်ပေ။ အိတ်စ်ရောင်ခြည်များသည် စွမ်းအင် အလွန်မြင့်မားပြီး လှိုင်းအလျားတိုသည်။ လေဆိပ်များတွင်အထုတ်ပိုးအိတ်များကို စစ်ဆေး (check in) ရာတွင် အိတ်စ်ရောင်ခြည်ကို အသုံးပြုသည်။ ဆေးရုံများတွင် အိတ်စ်ရောင်ခြည်ကို တွင်ကျယ်စွာ အသုံးပြုသည်။ အိတ်စ်ရောင်ခြည်သည် လူ၏အသား၊ တစ်ရှူးများကို ဖေါက်ထွင်းနိုင်သော်လည်း အရိုး များကို မဖေါက်ထွင်းနိုင်ပေ။ ထို့ကြောင့် ဓာတ်မှန်ရိုက်ရာတွင် အရိုးများကိုသာ ပုံရိပ်အဖြစ်မြင်တွေ့ကြ ရသည်။ (soft X-ray & hard X-ray) စွမ်းအင်နိမ့်အိတ်စ်ရောင်ခြည်နှင့် စွမ်းအင်မြင့်အိတ်စ်ရောင်ခြည် ဟုနှစ်မျိုးခွဲခြားနိုင်သည်။ စွမ်းအင်နိမ့် အိတ်စ်ရောင်ခြည်များကို ဓာတ်မှန်ရိုက်ရာတွင် အသုံးပြုသည်။ စွမ်းအင်မြင့် အိတ်စ်ရောင်ခြည်များကို ကင်ဆာရောဂါကုသရာတွင် ဓာတ်ကင်ခြင်း၌ အသုံးပြုသည်။ ဦးခေါင်းပိုင်းကို ဓာတ်မှန်ရှိက်ရာတွင် နုနယ်သော ဦးနောက်ကို မထိခိုက်ရန် စွမ်းအင်အလွန်နိမ့်သော အိတ်စ်ရောင်ခြည်များကို အသုံးပြုရသည်။ အစာအိမ်လမ်းကြောင်းတွင် ရောဂါရှာဖွေရန် ဓာတ်မှန်ရိုက် သောအခါ ဗေရီယမ်-ဆာလဖိတ်ဆေးရည် တိုက်ကျွေးရခြင်းမှာ ၎င်းဆေးရည်သည် အိတ်စ်ရောင်ခြည် ကို စုပ်ယူနိုင်သဖြင့် ပုံရိပ်ထင်ဟပ်စေရန်ဖြစ်သည်။
ကမ္ဘာ့ပထမဆုံး စမ်းသပ်ရိုက်ထားသော လူသားဓာတ်မှန်ဖလင်
သက်ရှိဆဲလ်များကို သေစေနိုင်သောကြောင့် အလွန်အကျွံထိတွေ့ခံရ ပါက ကင်ဆာရောဂါ ဖြစ်စေနိုင်သည်။တခါတရံ ဓာတ်မှန်ရိုက်သောလူနာအတွက် အိတ်စ်ရောင်ခြည်သည် အန္တရာယ်မရှိသော်လည်း ၊ဓာတ်မှန်ခန်းတွင် နေ့စဉ်အလုပ်လုပ်သူများမှာ အန္တရာယ်ရှိနိုင်သည်။ ရောဂါရှာဖွေရာတွင် လိုအပ်မှသာ အိတ်စ်ရောင်ခြည်-ဓာတ်မှန်ရိုက်သင့်သည်။ဆေးရုံ၊ဆေးခန်းများတွင် ဆရာဝန်များက ဓာတ်မှန်ရိုက်ခိုင်းရန် ဝန်မလေးကြသလို ၊လူနာများကလည်း ဓာတ်မှန်ရိုက်လိုက်ရမှ ရောဂါသိနိုင်မည်ဟု ယူဆကြသည်။ (လမ်းလျှောက်လို့ ဖြစ်ဖြစ် ၊ကုတင်ပေါ်က ပြုတ်ကျလို့ပဲဖြစ်ဖြစ် အလွယ်တကူ ဓာတ်မှန်ရိုက်လိုသောသူများမှာ အိတ်စ်ရောင်ခြည်၏ အန္တရာယ်ကို မသိနားမလည် ကြသော ကြောင့်ဖြစ်သည်)စိုးရိမ်ရသောရောဂါများနှင့် ခွဲစိတ်ခန်းဝင်မည့် လူနာများသာ ဓာတ်မှန်ရိုက်ရန် အသင့်တော်ဆုံးဖြစ်သည်။ထို့ပြင် မိခင်လောင်းများကိုယ်ဝန်ဆောင်ချိန်နှင့် မွေးကင်းစကလေးငယ်များ အကြိမ်ကြိမ် ဓာတ်မှန်ရိုက်ခြင်းကို ရှောင်ကြဉ်သင့်သည်။ ကင်ဆာဆဲလ်များကိုသတ်ရာတွင် စွမ်းအင်မြင့် အိတ်စ်ရောင်ခြည်များကို အသုံးပြု၍ ဓာတ်ကင်ခြင်းပြုလုပ်သည်။ကင်ဆာရောဂါဖြစ်ကာစ ရောဂါနုချိန် လူနာများအတွက် ဓာတ်ကင်ခြင်းသည် ဆေးဝါးကောင်းတလက်ဖြစ်သော်လည်း ၊ကင်ဆာဆဲလ်များ အလွန်များပြားပြီး ရောဂါရင့်နေချိန် လူနာ၏ခံနိုင်ရည်အားကျဆင်းနေချိန်တွင် ဓာတ်ကင်လျှင် အသက် အန္တရာယ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ကင်ဆာရောဂါကျွမ်းနေသူများ ဓာတ်ကင်ပါက သတ်မှတ်ထား သော အကြိမ်အရေအတွက်မပြည့်မှီ လူနာများသေဆုံးသွားကြခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အိတ်စ်ရောင်ခြည်သည် ကင်ဆာဆဲလ်များကိုသေစေရုံသာမက ၊အနီးတဝိုက်ရှိ ပုံမှန်ဆဲလ်တစ်ရှူးများ ကိုသေစေနိုင်သောကြောင့်ဖြစ်သည်။
ဓာတ်ရောင်ခြည်ဖြင့် ရောဂါကုသမှုခံယူနေပုံ
ဂမ်မာရောင်ခြည် (Gamma rays)သည် မျက်စိဖြင့်မမြင်နိုင်ပါ။ စွမ်းအင်အလွန်မြင့်သောကြိမ်နှုန်း မြင့် အိတ်စ်ရောင်ခြည်များကို ဂမ်မာရောင်ခြည်ဟုခေါ်သည်။ ဂမ်မာရောင်ခြည်နှင့် အိတ်စ်ရောင်ခြည် တို့သည် စွမ်းအင်၊ အနည်းအများအလိုက် ကွဲပြားသော်လည်း အသွင်သဏ္ဍာန်ချင်း တူညီကြသည်။ သို့သော် ၎င်းတို့နှစ်ခု၏ထူးခြားချက်မှာ ဂမ်မာရောင်ခြည်သည် နယူကလိယအတွင်းမှ ထွက်လာခြင်း ဖြစ်ပြီး ၊အိတ်စ်ရောင်ခြည်သည် အက်တမ်မှထွက်လာခြင်းဖြစ်သည်။ ထွက်လာသော ပင်ရင်း(source) များမတူညီကြချေ။ ဂမ်မာရောင်ခြည်သည် ဖေါက်ထွင်းနိုင်မှုစွမ်းအား အမြင့်ဆုံးဖြစ်သောကြောင့် ဖောက်ထွင်းမှုကို ခဲသတု္တဖြင့်ကာကွယ်ရသည်။ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်းများ ရှာဖွေတူးဖေါ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် မြေသားခံနိုင်မှုစစ်ဆေးခြင်း၊ သထ္ထုစက်ရုံများတွင် အထူအပါးတိုင်း တာခြင်း ၊ ဆေးရုံများတွင် ရောဂါရှာဖွေ၊ကုသခြင်းများတွင် ဂမ်မာရောင်ခြည်ကို အသုံးပြုသည်။ထို့ပြင် သစ်သီးဝလံများ အချိန်ကြာမြင့်စွာ လတ်ဆတ်စေရန်နှင့် မျိုးပွါးစိုက်ပျိုးမရစေရန် ဂမ်မာရောင်ခြည်ကို အသုံးပြုသည်။ထို့ပြင် လည်ချောင်းအကျိတ်ကင်ဆာကိုသက်သာ ပျောက်ကင်းရန် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဆေးရည် တိုက်ကျွေးခြင်းဖြင့် ဂမ်မာရောင်ခြည်ကို အသုံးပြူသည်။ဂမ်မာရောင်ခြည်ထိတွေ့ ခံရပါက မျက်စိဖြင့်လည်းမမြင်နိုင်သလို ၊နာကျင်ခံစားမှုလည်းမဖြစ်ပါ။ သို့သော် ခန္ဓာကိုယ်မှတစ်ရှုူးများ ပျက်စီးသွားနိုင်သည်။အသားအရေ ခြောက်ကပ်ညိုမဲခြင်း ၊ဆံပင်ကျွတ်ခြင်းများ ဖြစ်တတ်သည် ။
ဓာတ်ရောင်ခြည်အန္တရာယ် သတိပေးအချက်ပြပုံများ
အိုင်ယွန်ဖြစ်ခြင်း (Ionization)
အက်တမ်တခုတွင် အီလက်ထွန်၊ ပရိုတွန် ၊နယူထွန် စသည့်အမှုန်သုံးမျိုးပါဝင်ကြောင်း အနုမြူရူပဗေဒအပိုင်းတွင် ရေးသားခဲ့ပြီးဖြစ်သည်။ ပရိုတွန်နှင့် နယူထွန်တို့သည် နယူကလိယအဖြစ် ပေါင်းစည်းနေကြပြီး အပြင်ဘက်မှ အီလက်ထွန်များ ဝန်းရံလျက်လှည့်ပတ်နေကြောင်း သိခဲ့ကြလေပြီ။ ၎င်းအီလက်ထွန်များသည် ကိုယ်ပိုင်ပတ်လမ်းများအတိုင်း သီးသန့်တည်ရှိနေကြသည်။ ပုံမှန်လှည့်ပတ် နေချိန်တွင် ပရိုတွန်အရေအတွက်နှင့် တူညီနေသောကြောင့် ဓာတ်ဖို၊ ဓာတ်မ သက်ရောက်မှုမရှိပဲ လျှပ်စစ်ဓာတ်မရှိပေ။ သို့သော် အက်တမ်တခုပေါ်သို့ ပြင်ပမှ စွမ်းအင်ကျရောက်လာလျှင် လှည့်ပတ် နေသော အီလက်ထွန်တွင် စွမ်းအင်များတိုးလာသောကြောင့် မူလပတ်လမ်းမှ ဝေးရာသို့ လွတ်ထွက် သွားနိုင်သည်။ ထိုအခါ အက်တမ်တွၤင် အီလက်ထွန်တလုံး လျော့နည်းသွားသဖြင့်၊ ပရိုတွန် တစ်လုံးပို လာသည်။ထို့ကြောင့် အက်တမ်သည် ဓာတ်ဖိုအသွင်သို့ ရောက်ရှိသွားသည်။ထိုကဲ့သို့ အီလက်ထွန် တစ်လုံး လွတ်ထွက်သွားပါက အိတ်စ်ရောင်ခြည်ကို စွမ်းအင်အသွင်ဖြင့်ထုတ်ပေးသည်။ ဓာတ်ဖိုဆောင် သော အက်တမ်အဖြစ်ကျန်ရှိနေခြင်းကို အိုင်ယွန်ဖြစ်ခြင်း(Ionization) ဟု ခေါ်သည်။
ထိုကဲ့သို့ ပြင်ပစွမ်းအင်ရရှိလာသောကြောင့် အက်တမ်မှ လွတ်ထွက်လာသော အီလက်ထွန်သည် အနီးတဝိုက်ရှိ အက်တမ်တခုသို့ ဝင်ရောက်သွားပါက ၊၎င်းအက်တမ်သည် အီလက်ထွန်တစ်လုံး အပိုဖြစ်နေမည်။ အီလက်ထွန်တစ်လုံး ဝင်ရောက်လာသောကြောင့် အက်တမ်သည် လျှပ်စစ်ဓာတ်မ အသွင်သို့ ပြောင်းလဲသွားသည်။ထိုကဲ့သို့ဓာတ်မ-အက်တမ်အဖြစ် ပြောင်းလဲသွားခြင်းကို အိုင်ယွန်ဖြစ် ခြင်း(Ionization) ဟု ခေါ်သည်။ သာမာန်အက်တမ်မှ အိုင်ယွန်အက်တမ်အဖြစ်သို့ ပြောင်းလဲသွားရန် ပြင်ပမှ စွမ်းအင်သက်ရောက်မှုရှိရန်လိုအပ်သည်။ ၎င်းလိုအပ်သော စွမ်းအင်ကို အိုင်ယွန်ဖြစ်စွမ်းအင် (Ionization Energy) ဟုခေါ်သည်။ အိုင်ယွန်ဖြစ်စွမ်းအင်ကို ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း Radiation မှ ရရှိုခြင်းဖြစ်သည်။ ဓာတ်ရောင်ခြည် ဖြာထွက်ခြင်းဆိုသည်မှာ စွမ်းအင် ကူးပြောင်းခြင်း (Energy Transfer )ဖြစ်ကြောင်း လေ့လာခဲ့ပြီးဖြစ်လေသည်။
ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းသည် မျက်စိဖြင့်မြင်နိုင်သော အလင်းမှအပ ၊ကျန်ရောင်ခြည်များကို
မမြင်တွေ့နိုင်ပေ။ထို့ပြင် ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းကို အမျိုးစားနှစ်ခုဖြင့် ခွဲခြားသတ်မှတ်ထား၏
(၁) အိုင်ယွန်ဖြစ်စေသော ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း (Ionization Radiation)
အလွယ်တကူ အဓိပ္ပါယ်ဖွင့်ဆိုပါက အန္တရာယ်ရှိသော ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းဖြစ်သည်။
ဥပမာ-အိတ်စ်ရောင်ခြည် ၊ဂမ်မာရောင်ခြည် ၊အယ်ဖာရောင်ခြည်၊ ဘီတာရောင်ခြည်ဖြာထွက်ခြင်း။
(၂) အိုင်ယွန် မဖြစ်နိုင်သော ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း(Non- Ionization Radiation)
အလွယ်တကူ အဓိပ္ပါယ်ဖွင့်ဆိုပါက အန္တရာယ်ကင်းသော ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းဖြစ်သည်။
ဥပမာ-ခရမ်းလွန်ရောင်ခြည်၊အနီအောက်ရောင်ခြည်၊မျက်စိဖြင့်မြင်နိုင်သောအလင်း၊မိုက်ခရိုဝေ့၊ ရေဒီယိုလှိုင်းတို့ဖြစ်သည်။
(၃)လျှပ်စစ်မှုန်ရောင်ခြည်ဖြာထွက်ခြင်း(Charged Particles Radiation)
ဥပမာ -ဘီတာရောင်ခြည် ၊အယ်ဖာရောင်ခြည်၊ heavy charged particles )
(၄)လျှပ်စစ်မရှိသောရောင်ခြည် (Uncharged Radiation )
ဥပမာ- လျှပ်စစ်သံလိုက်လှိုင်း ၊နယူထွန်
ရောင်ခြည်ဖြာထွက်ခြင်း ( Radiation ရေဒီအေးရှင်း )သည် ထူးခြားသောဂုဏ်သတ္တိများ ပါဝင်နေသောကြောင့် “ဓာတ်”ဆိုသော ဝေါဟာရဖြင့် ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းဟု တင်ပြလိုက် သည်။….။ ……………………….ဖီးက်ဴ…………………………………….
