( ဖီးကျူ ကလောင်အမည်ဖြင့် ဘလော့တခုကို ဖန်တီးရေးသားတဲ့အခါ ( လက်ရှိ)မိတ်ဆွေ
သူငယ်ချင်း အပေါင်းသင်းများက ကလောင်အမည် တမူထူးခြားနေတာမို့ မေးမြန်းတာ တွေ
ရှိလာပါတယ်။ ဒီတော့ အမှာစာ ကဏ္ဍမှာ ကျွန်တော့်အကြောင်းကို ရေးသားဖို ့ စိတ်ကူး ဖြစ်
လာပါတယ်။)
စက်တင်ဘာ ၂ဝဝ၁ ခုနှစ်-ရွှေဘိုဒီဂရီကောလိပ်မှာ ရူပဗေဒအထူးပြုနဲ့ ပထမနှစ်ကို
စတင် သင်ယူခဲ့ပါတယ်။ တက္ကသိုလ် လျှောက်လွာပုံစံတွေ ဖြည့်တုံးကရူပဗေဒအထူးပြု
ဘာသာကိုလိုချင်လွန်းလို့
ပထမဦးစားပေး……….ရူပဗေဒ
ဒုတိယဦးစားပေး………ရူပဗေဒ
တတိယဦးစားပေး……..ရူပဗေဒ……….လျောက်လွှာတင်ခဲ့ပါတယ် ။
အဲလောက်တောင် ဖြစ်ရသလားကွာလို့မေးစရာရှိလာပါတယ် ။ မူလတန်းကျောင်းသား
ကတည်းက ဒီဘာသာရပ်ကို လေ့လာသင်ယူချင်စိတ်တွေ ဖြစ်ခဲ့ရတာပါ ။ ငယ်ငယ်တုန်းက
နံနက်အိပ်ယာမထခင် ၊ စောင်ခြုံထဲမှာကွေးနေတုံး၊ ရူပဗေဒသီအိုရီတွေ၊ ပုစ္ဆာ တွက်ချက်ပုံတွေ
ကို(နေ့စဉ်နေ့တိုင်း) နာကြားခဲ့ရတယ်။ အိမ်ဘေးနားက ကျွန်တော်ဆရာရဲ့ ရူပဗေဒလက်ချာ
ပေးသံတွေကြောင့်စိတ်ဝင်စားခဲ့တယ်လို့ပြောရမှာပါ။ ဆရာ့ဆီမှာပဲ ရူပဗေဒကို စတင်သင်ယူ
နိုင်ခဲ့တယ်။(ကျွန်တော် ဆယ်တန်းအောင်ပီးတော့ အိမ်ဘေးက ကျွန်တော့်ဆရာ ဦးမောင်လှ
ဆုံးပါးကွယ်လွန်သွားပါတယ် )
၁၉၉၉ မှာ ကျွန်တော် (၁ဝ)တန်းအောင်ခဲ့တယ် ။အဲဒီအချိန်က ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေ
အကန့်သတ်မရှိပိတ်ထားတဲ့ အချိန်ပေါ့ ။ အဝေးသင်တက္ကသိုလ်နဲ့ တခြား ဝန်ကြီးဌာန က
တက္ကသိုလ်တွေပဲ ဖွင့်လှစ် သင်ကြားပေးနေတဲ့အချိန် ။ အောင်စာရင်းထွက်ပြီး မကြာခင်မှာ
သူငယ်ချင်းတွေ အားလုံးက မိမိဝါသနာပါရာ တက္ကသိုလ်တွေကို ရောက်နေကုန်ကြပီ ။
ကျွန်တော်ကတော့ သူတို့လို မဟုတ်ဘူး ။ ဘယ်ကျောင်းက ဝင်ခွင့်စာမေးပွဲကိုမှ လည်း
ဝင်မဖြေခဲ့ဘူး ။အပြင်စီးပွါးရေး ၊ပညာလည်း မသင်ခဲ့ဘူးဗျ ။
ဒီတော့ကျွန်တော်ဘာလုပ်သလဲ ဆိုတော့ …ကျွန်တော်ကို …ကျွန်တော် အလုပ်ခန့်
ပစ်လိုက်တယ်ဗျ ။ဆရာဖြစ်သင်တန်းကျောင်းရှေ့ကိုတောင် ဖြတ်မလျှောက်ခဲ့ဖူးပါဘူး ။(၁ဝ)
တန်း အောင်စာရင်းထွက်ပီးလို့ မကြာခင်မှာဘဲ ကျူရှင်ဆရာ ဆိုတဲ့ဆိုင်းဘုတ်ကို ခပ်တည်
တည်နဲ့ စိုက်ထူခဲ့ပါတယ်။အဲဒီနှစ်မှာတော့ (၉)တန်း (၁ဝ)တန်း သင်ပေးတာတင် မဟုတ်ဘဲ
။အလယ်တန်းကျောင်းသားတွေကိုလည်း သင်ပေးလိုက်သေးတယ် ။မူလတန်း ၊ မူကြို လာပြီး
မအပ်လို့ တော်သေးတာပေါ့ဗျာ ။လာအပ်ရင်လဲ သင်ပေးမလိုပါ ။အဲဒီနှစ်မှာလား အလကား
သင်ပေးရ တာပေါ့ဗျာ ။စေတနာ၊ဝါသနာ၊အနစ်နာဆိုတာ အဲဒီမှာစသိတော့တာပဲ။ ကံကောင်း
ချင်တော့ ဆယ်တန်းကျောင်းသား တပည့်တွေ အောင်ကြတယ်ဗျ ၊ တချို ့ ဂုဏ်ထူးတောင်
ထွက်ပါသေးတယ်။သူတို့ဖာသာကြိုးစားလို့ ဂုဏ်ထူးတွေထွက်တာကို ကျွန်တော်က အချောင်
နာမယ်ကြီးသွားတာပေါ့ ။
ဒါပေမယ့် နောက်ကွယ်မှာ နဲနဲတော့ အပြောဆိုခံရပါတယ်။ “ဘွဲ့ရတွေ ဒီလောက်ပေါ
တဲ့ခေတ် ၊ကျူရှင်ဆရာတွေ မှိုလိုပေါက်နေတဲ့အချိန်မှာ …သူက (၁၀)တန်းလေး အောင်တာနဲ့
ဘယ်လောက်တတ်လို့လဲ ကွာ “တဲ့။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ အသက် ၁၇နှစ်နဲ့
ဆရာတက်လုပ်နေတာကိုး ။ဒါနဲ့ နောက်နှစ်တွေများကြတော့(ဆယ်တန်းကျ) ငယ်သူငယ်ချင်း
တွေ ၊ ကျွန်တော်ထက်ကြီးတဲ့ အမတွေပါ ကျူရှင်မှာ ရောက်လာကြတယ် ။ စတစ်ကော်လံ
အဖြူဝတ်ပီး “ဆရာ” အခေါ်ခံရရင်ကို ကျေနပ်နေတဲ့ အချိန်ပေါ့။ ဘယ်ချောင်ကြားက
ဆရာခေါ်ခေါ် “ဗျာ” ထူးရရင် သဘော့ခွေ့မနောတွေ့ နေချိန်ပါ ။
(အဲဒီအချိန်မှာ ကျွန်တော့်ဆရာကြီးတယောက်က သတိပေးဘူးတယ်ဗျ ၊၊”ဟေးကောင်….
ဆရာခေါ်ခံရတိုင်း ဟုတ်လှပီ မထင်နဲ့ဦး ၊ လူတွေခေါ်တဲ့ဆရာဆိုတာ အမျိုးမျိုးရှိတယ် ။
ငါငယ်ငယ်က ဖြစ်ရပ်လေးတခုကို ပြောပြမယ်တဲ့” ။ “ ကျွန်တော်ဆရာလည်း တချိန်က
ဆရာပေါက်စဖြစ်ခဲ့တာပဲတဲ့ ။ တနေ့မှာ ကျွန်တော်ဆရာ မန ္တလေးကို ဈေးဝယ်ထွက်ခဲ့တယ်
တဲ့ဗျာ ။ မန္တလေး ရာသီဥတု အပူရှိန်ကလည်း ချွေးဒီးဒီးကျပေါ့ ။ဈေးချိုထဲမှာ လိုအပ်တာတွေ
ဝယ်ခြမ်းလို့အပြီးမှာ လူလဲတော်တော်ပင်ပန်သွားတယ်တဲ့။ မနက်စာလည်း မစားရသေးတာမို့
ဗိုက်ထဲမှာ ဟာတာတာဖြစ်နေတာကို သတိထားမိတယ် ။အဲဒါနဲ့ ဈေးချိုအထွက် တရုပ်ကြီးရဲ ့
လက်ဖက်ရည်ဆိုင်မှာ မန်းမြို့တော်ပေါက်စီ နဲ ့ လက်ဖက်ရည် သောက်ပြီး ဝမ်းဖြည့်ဖို့
ဆိုင်ထဲကို လှမ်းဝင်လိုက်ပါ သတဲ့ဗျာ ။ ပေါက်ဖော်ကြီးက ဖေါ်ရွေလိုက်တာလဲ မပြောပါနဲ့
တော့ …...။ဆိုင်ဝကိုရောက်ရောက်ချင်း “ဆရာကြီး….ဆရာကြီး……ဒီကိုကြွပါ …...…..ထိုင်ပါ
ဘာသုံးဆောင်မလဲ လိုအပ်တာကိုပြောပါ အားမနာပါနဲ့လို့” ခရီးဦးကြို ပြုပါတော့တယ် ။
အဲဒီအချိန်မှာ ကျွန်တော်ဆရာက တရုပ်ကြီးကို မိန့်မိန့်ကြီးပြုံးပြလိုက်ပီး ၊စိတ်ထဲက မှတ်ချက်
လိုက်တယ်တဲ
( “ အင်း ..ဈေးချိုလက်ဖက်ရည်ဆိုင်က တရုတ်ကြီးကလည်း ငါ့ကို ဆရာမှန်းသိနေပါလား
..…မြင်မြင်ချင်းကို ဆရာကြီးလို့ခေါ်တာပဲ”) ။ အဲသလို တွေးမြိပီး မိန့်မိန့်ကြီး ထိုင်ယင်း
ပေါက်စီတလုံးကို အငမ်းမရ လွေးနေတာပေါ့ဗျာ။ဒီလိုနဲ့ဆိုင်ထဲကို စာသုံးသူ (ကတ်စတမ်မာ)
တွေဝင်လာမစဲ တသဲသဲ ။ဈေးချိုထဲက အလုပ်သမားတယောက် ဝင်လာတော့လည်း ၊ ဆိုင်ရှင်
တရုပ်ကြီးကဆရာကြီးလို့ခေါ်ပြီး ခရီးဦးကြိုပြုပြန်တယ်။အဲနောက်တယောက် အသားငါးတန်းက
ဟင်းတွေလှီးတဲ့ လုပ်သားတယောက် ပုဆိုးနံငယ်ပိုင်းလေးနဲ့ ဆိုင်ထဲကို ဝင်လာပြန်တော့လည်
တရုပ်ကြီးကဆရာကြီးကြွပါလို့ ဆိုပြန်သတဲ့ ။ဒီတော့ ကျွန်တော်ဆရာ မိန့့်မိန့်ကြီး ရင်ကော့ပြီး ပေါက်စီကို စားနေရာက ခပ်ရို ့ရို ့လေး ဖြစ်သွားပါတယ် ။အဲတာနဲ့ ဆိုင်အဝင်ဝကို လှမ်းကြည့်
လိုက်တော့ ဆိုင်ရှင်ပေါက်ဖေါ်ကြီးက ဝင်လာသမျှ စာသုံးသူ(ကတ်စတမ်မာတွေ)ကို ဆရာကြီး
လို့ခေါ်ပီး ဧည့်ဝတ်ပြုနေတာကို တွေ့ရပါတော့တယ် ။ အဲဒီတော့မှ ကျွန်တော် ဆရာလည်း
သဘောပေါက်သွားတယ်။ဒီလိုနဲ့ မှာထားတဲ့ ပေါက်စီကို ကုန်အောင်စားပီး လက်ဖက်ရည်ကို
တကျိုက်ထဲမော့ ၊ ကျသင့်ငွေ သုံးကျပ်ကို တခါထဲရှင်း ၊ ခပ်ရှက်ရှက် ကုပ်ချောင်ချောင်းနဲ့ ကားဂိတ်ကို ခြေလှမ်းကျဲကြီးနဲ့ပြန်လာခဲ့ရတယ် တဲ့ဗျာ ။
အဲသလို ကျွန်တော့်ဆရာက ပြောပြလိုက်တော့ ကျွန်တော်လည်း “ဆရာ” ခေါ်တိုင်း “ဗျာ” မထူးရဲတော့ပါဘူး။ ဒီလိုနဲ့လူတွေကို သတိထားမိတတ်လာတယ်။ တချို့ကလဲ လေးစားမှု
နဲ့ဆရာလို့ခေါ်ကြပါတယ် ။ဆရာ..ဆရာလို နှစ်ခါဆင့်ခေါ်ရင်တော့ အခြေအနေ သိပ်မကောင်း
ဘူး အချိုသတ်ပီး ခိုင်းခံရဖို့ သေချာနေတယ် ။ အံမယ် ငယ်သူငယ်ချင်းတွေ ကလည်း
ဆရာလို့ ခေါ်တယ်ဗျ ။ ခေါ်မှာပေါ့ ဆိုက္ကားသမားကိုတောင် ဆရာခေါ်နေတဲ့ ခေတ်ဘဲဟာ ။
လမ်းမှာတွေ့ရင် ဘယ်လိုခေါ်တယ်မှတ်တုံး ”ဟိုးဆရာ… ဘယ်တုံး” တဲ့ ။ ဆရာခေါ်ခံရရင်ကို
ကျီးကန်းတောင်းမှောက် သတိထားတတ်လာပီ ။ ဆရာလို့ ခေါ်တာချင်း တူပေမယ့် လေယူ
လေသိမ်း မျက်စိမျက်နှာ အနေအထားချင်း မတူဘူးဗျ။ တပည့်တွေခေါ်တဲ့ ဆရာဆိုတာ
ယုံကြည်အားကိုးမှု ၊ ချစ်ကြောက်ရိူသေမှုတွေ ပါသဗျ ။
တချို့က ဆိုက္ကားဆရာလိုလို ၊ ဗိန္ဓောဆရာလိုလို ၊ နွားသိုးပိုက်တဲ့ ဆရာလိုလို ၊
၊တပ်ကြပ်ကြီးဆရာလိုလို ခေါ်တတ်ကြသကိုး ။ဘယ်လိုပဲခေါ်ခေါ်ပါလေ ဆဲတာမှမဟုတ်တာ
နာခံခက်ဖို့မလိုဘူးပေါ့ဗျာ။အံမယ် နောက်တမျိုးခေါ်သေးတယ်ဗျ “ ဟိုး…ကျောင်းဆရာ “ တဲ့။
အဲတာကို လက်တို့ပြီး မေးကြည့်ရသေးတယ် ဘာကျောင်းဆရာလဲဆိုတော့ နွားကျောင်းတဲ့
ဆရာကို ပြောတာတဲ့ ။ သြော် ..... ...…နွားကျောင်းသားတောင် ဆရာဖြစ်နေတဲ့ ခေတ်
....…ကျွန်တော်(၁ဝ)တန်းအောင်ရုံနဲ့ ကျူရှင်ဆရာလုပ်နေတာ လွန်သလားဗျာ ။
ဒီလိုနဲ့ဘဲ စက်တင်ဘာ (၂ဝဝ၁)ခုနှစ်မှာ ပထမနှစ် ကျောင်းသားအဖြစ် တက်ရောက်
ခဲ့တာပေါ့။ သူငယ်ချင်းတွေကတော့ နယ် လာတက်ကြတာရော ၊ မြို့ထဲက သူငယ်ချင်းတွေ
ရောအစုံပေါ့လေ။ ကျွန်တော်တပည့်တွေလဲ ကျောင်းထဲမှာ ပြန်တွေ့တယ်ဗျ ။ တပည့်တွေနဲ့
တွေ့တော့ ဆရာပေါ့ဗျာ ။ သူငယ်ချင်းတွေနဲ့ တွေ့တော့ ကျောင်းသားပေါ့ ။ အဲဒီမှာ
ကျွန်တောာ့် ကျောင်းနေဖက် သူငယ်ချင်းတွေက ကျွန်တော်နာမည်ကို မခေါ်တော့ဘဲ နာမည်ပြောင်တခုကို ကင်ပွန်းတပ်လိုက် ကြတယ်လေ…………………………………။
“ဖီးကျူ” တဲ့ဗျာ ။ တယောက်ကအစ ခေါ်လိုက်တာ တကျောင်းလုံး နှံ့သွားပါလေရော ။
ကျွန်တော်နာမည်အရင်းကိုတောင်မသိကြတော့ဘူးဗျ ။ ဒီလိုနဲ့ကျွန်တော် “ ဖီးကျူ “
ဖြစ်လာခဲ့တာ့ မန္တလေးတက္ကသိုလ်က မဟာသိပ္ပံဘွဲ့ရတဲ့အထိပါဘဲ ။ တက္ကသိုလ်နှစ်လည်
မဂ္ဂဇင်းတွေမှာတောင် ဖီးကျူ ကလောင်အမည်နဲ့ ဝထ္ထုတိုတွေ ရေးလိုက်ပြန်သေးတယ် ။
ကျွန်တော်ကို အားလုံးက ဖီးကျူ လို့ပဲခေါ်ကြတော့ ပထမဆုံး ကင်ပွန်းတပ်ပေးတဲ့
မောင်မင်းကြီးသားကို မေးရပါသေးတယ်။ ဘာကြောင့် ဖီးကျူ လို့ခေါ်တာလဲ ဆိုတော့
{ ဖီး = ဖီးဆစ် (Physics ) ၊ ကျူ =ကျူရှင်ဆရာ }
အဲသလို ရှင်းပြလိုက်တော့မှ ကျွန်တော်သဘောပေါက်သွားပါတယ်။(၆)နှစ်ကြာကျင်လည်ခဲ့တဲ့
တက္ကသိုလ်နယ်မြေမှာ သူငယ်ချင်းတွေ ခေါ်တဲ့ အမည်ကို အမှတ်တရရှိနေတာမို့………....
ဖီးကျူ လို့ခေါ်လိုက်တိုင်း တ က္ကသိုလ်ကျောင်းသားဘဝကို သတိရနေတာမို့ ..……......
အခုကျွန်တော် ဘလော့ရဲ့ ကလောင်အမည်ကို ဖီးကျူ အမည်နဲ့ ရေးသားနေကြောင်းပါ
ခင်ဗျား………………….။
............................................................................................................................
.....................................................................................................................ဖီးကျူ
No comments:
Post a Comment