Sep 16, 2010
ရေဒီယိုသတ္တိကြွခြင်း (Radioactivity )
      အခြေခံရူပဗေဒအပိုင်းမှာ ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းကို ရေးသားခဲ့ပြီ။ အနုမြူရူပဗေဒတွင်  နယူကလိယမှ အမှုန်များ( သို့) ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းကို ရေဒီယိုသတ္တိကြွခြင်းဟု ခေါ်သည်။  အဓိကအားဖြင့်  အယ်ဖာ ၊ဘီတာ ၊ဂမ်မာ စသည့်ရောင်ခြည်များ ထုတ်လွတ်ခြင်းဖြစ်သည်။ ထိုကဲ့သို့  နယူကလီယမှ  ဓာတ်ရောင်ခြည် ဖြာထွက်နေသော  ဒြပ်စင်ကို  (Radioactive element) ရေဒီယိုသတ္တိကြွဒြပ်စင်ဟုခေါ်သည်။ (ဒြပ်စင်များကို အက်တမ်အမှတ်စဉ်အလိုက် ဇယားဖြင့်လေ့လာ ကြည့်ရှူနိုင်သည်  =>----ဒြပ်စင်ဇယား----<= ) ။တနည်းအားဖြင့် ရေဒီယိုသတ္တိကြွခြင်းကို နယူကလီယ အနိစ္စရောက်ခြင်း ( ကွဲကြေပျက်စီးခြင်း) Decay of Nucleus  ဟုခေါ်သည်။ 
                       နယူကလီယအနိစ္စရောက်ခြင်း ( ကွဲကြေပျက်စီးခြင်း)  သရုပ်ပြပုံ
          အနုမြူရူပဗေဒသည်  နယူကလီယကိုလေ့လာသော ဘာသာရပ်ဖြစ်သောကြောင့် အပြင်ပတ်လမ်းမှ  လှည့်ပတ်နေသော အီလက်ထွန်များကို ထည့်သွင်းစဉ်းစားခြင်း မပြုပါ။ နယူကလီယတွင်  ဓာတ်ဖိုဆောင်သော ပရိုတွန်များနှင့် လျှပ်စစ်ဓာတ်မဲ့ နယူထွန်များ ပါဝင်သည်။ ဓာတ်ဖို-ပရိုတွန်အချင်းချင်း တွန်းကန်အားဖြင့် သက်ရောက်နေကြသော်လည်း နယူကလီယတွင် စုစည်းလျက်ရှိကြသည်။ အနြုမူဆွဲငင်အားဖြင့် ပရိုတွန်နှင့် နယူထွန်များ စုဝေးကာ   နယူကလီယအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ အချို့ နယူကလီယများသည် အစဉ်ထာဝရ စုစည်းနေမှု မဖြစ်နိုင်ပေ။ နယူကလီယအတွင်းမှ  ပရိုတွန် (သို့) နယူထွန်များသည်  ဓာတ်ရောင်ခြည်များနှင့်အတူ  ခွဲထွက်လွင့်စင်လာခြင်းဖြစ်သည်။ထိုကဲ့သို့နယူကလီယ ပြိုကွဲသွားခြင်း(Disintegration)ကို     ရေဒီယိုသတ္တိကြွခြင်းဟု အဓိပ္ပါယ်ကောက်ယူနိုင်သည်။ နယူကလီယ ပြိုကွဲမှုဖြစ်နိုင်သောဒြပ်စင်များကို အနုမြူမတည်မြဲခြင်း (Nuclear  Unstable ) ဒြပ်စင်များဟု သတ်မှတ်နိုင်သည်။ နယူကလီယပြိုကွဲမှုမရှိသော ဒြပ်စင်များကို အနုမြူတည်မြဲခြင်း (Nuclear Stable ) ဒြပ်စင်များဟုခေါ်သည်။အနုမြူတည်မြဲ ခြင်း ၊မတည်မြဲြုခင်းမှာ  နယူကလီယတွင်ပါဝင်သော ပရိုတွန် နှင့် နယူထွန် အရေအတွက်အလိုက် ဖြစ်ပေါ်သည်။ နယူကလီယတွင်ပါဝင်သော ပရိုတွန်အရေအတွက်သည် စုံကိန်း၊ နယူထွန်အရေအတွက်သည် စုံကိန်း ဖြစ်လျှျင် (even – even nuclei) အနုမြူတည်မြဲခြင်းကို တွေ့ရသည် ။ နယူကလီယ အမျိုးစားပေါင်း  ( 275 ) မျိုးခန့်ရှိရာတွင်  60% မှာ (even – even nuclei) အမျိူးစားများအဖြစ်တွေ ့ရသည်။ ကျန်သော 40% မှာ ပါဝင်သော ပရိုတွန်နှင့် နယူထွန် အရေအတွက်သည်  (စုံ -မ ) even –odd . ၊( မ -စုံ )Odd- even ၊, (မ-မ )odd- odd အမျိုးစားများ အဖြစ်တွေ့ရသည်။၎င်းတို့သည်  အနုမြူမတည်မြဲသော  နယူကလီယများဖြစ်သည်။ သို့သော် (မ-မ ) odd- odd အမျိုးစား နယူကလီယ (၅)ခုသည် အနုမြူတည်မြဲကြောင်းတွေ့ရပြန်သည်။ ၎င်းတို့မှာ   ဟိုက်ထရိုဂျင် (ပရိုတွန် 1 -နယူထွန် 1 ) 2H  , လစ်သီယမ် (ပရိုတွန် 3- နယူထွန်3 ) 6Li . ဘိုရွန်( ပရိုတွန် 5- နယူထွန် 5 ) 10B . နိုက်ထရိုဂျင် (ပရိုတွန် 7- နယူထွန်7 )  14N  အိုက်ဆိုတုပ်များဖြစ်သည်။
          ပရိုတွန်နှင့်နယူထွန်များသည် တည်ငြိမ်စွာစုစည်းလျက် နယူကလီယအဖြစ် အသွင်ဆောင်နေခြင်းတော့ မဟုတ်ပါ။ ပရိုတွန်နှင့် နယူထွန်များ အတွဲလိုက် လှည့်ပတ်နေကြခြင်းဖြစ်သည်။ နယူကလီယ တည်မြဲခြင်း၊ ပြိုကွဲခြင်းဖြစ်စဉ်များသည် ပါဝင်သော နယူထွန်အရေအတွက်နှင့် ပရိုတွန်အရေအတွက်တို့၏ ( N : Z )အချိုးအလိုက် သက်ရောက်မှုရှိသည်။ N သည် နယူထွန်အရေအတွက်ဖြစ်သည်။ Z သည် အက်တမ်အမှတ်စဉ်(သို့)ပရိုတွန်လုံးရေဖြစ်သည်။
ယေဘုယျအားဖြင့် နယူထွန်နှင့်ပရိုတွန် အရေအတွက်  N=Z တူညီကြလျှင် နယူကလီယ တည်မြဲခြင်း ကိုတွေ့ရသည်။ နယူထွန် ၊ပရိုတွန်   အချိုးတွင်  ပိုင်းဝေ နယူထွန်များလေလေ အချိုးတန်ဖိုး များလေလေဖြစ်သည်။ ပိုင်းခြေ ပရိုတွန်များလေလေ အချိုးတန်ဖိုးနည်းလေလေဖြစ်မည်။ (ဤကား သင်္ချာသဘောတရားဖြစ်သည်။ )  နယူထွန် :ပရိုတွန်အချိုးတန်ဖိုး များလေလေ  နယူကလီယတည်မြဲမှု ခိုင်မြဲလေလေဖြစ်သည်။ အကြောင်းမှာ နယူထွန်အချိုးက ပိုများသောကြောင့် နယူကလီယဆွဲအားပြင်း လာခြင်းဖြစ်သည်။ သို့သော် ၎င်းဖြစ်စဉ်သည် အက်တမ်အမှတ်စဉ် (၈၃) ဘစ်စမတ်၊ အထိသာမှန်သည်။ ထိုထက်ကြီးသော ဒြပ်စင်နယူကလီယများတွင် နယူကလီယပြိုကွဲခြင်း ဖြစ်ပေါ်နိုင်သည်။ ဆိုလိုသည်မှာ နယူထွန် : ပရိုတွန် အချိုးတန်ဖိုးများခြင်းသည် နယူထွန်အလုံးရေ ပေါကြွယ်ဝခြင်းဖြစ်သည်။ နယူထွန် များလွန်းလျှင်လည်း နယူကလီယ ပြိုကွဲခြင်းဖြစ်ပေါ်သည်။ ပိုလျှံနေသော နယူထွန်သည် ပြိုကွဲပျက်စီးရာမှ  ပရိုတွန်နှင့် ဘီတာအမှုန် (တနည်းအားဖြင့် အီလက်ထွန်ဟု ယူဆနိုင်သည်။) အဖြစ်ပြောင်းလဲဖြစ်ပေါ်သည်။   n => p +e-         
          နယူထွန် : ပရိုတွန် အချိုးတန်ဖိုး များလေလေ နယူကလီယတည်မြဲမှု ခိုင်မြဲလေ ဖြစ်သော်လည်း  အချိုးတန်ဖိုး များလွန်းလျှင် နယူကလီယပြိုကွဲမှု ဖြစ်ပေါ်နိုင်ကြောင်းတွေ့ ရသည်။ နောက်တမျိုး ရလဒ်တခုမှာ  နယူထွန်: ပရိုတွန်အချိုးတန်ဖိုး နည်းလေလေ ပရိုတွန်အရေအတွက် ပိုများလေ ဖြစ်မည်။ ပရိုတွန်များ ပိုများလွန်းလျှင်  ပိုလျှံနေသောပရိုတွန်များကြောင့် နယူကလီယပြိုကွဲခြင်း ဖြစ်ပေါ်နိုင်သည်။ ပိုလျှံနေသော ပရိုတွန်သည် ပြိုကွဲပျက်စီးရာမှ နယူထွန်နှင့် ပိုစီထရွန် (positive electron ) e+  အဖြစ်ပြောင်းလဲဖြစ်ပေါ်လာသည်။ ။  (ညူ)  + p =>n +e+      ထိုကဲ့သို့ ဖြစ်စဉ်များသည်  ရေဒီယိုသတ္တိကြွခြင်း အခြေခံသဘောတရားများဖြစ်ပြီး။ ဘီတာရောင်ခြည် ဖြာထွက်ခြင်းဖြစ်စဉ်၏ နမူနာပုံစံဖြစ်သည်။  အိုက်ဆိုတုပ်  အားလုံးနီးပါးတွင် ဘီတာရောင်ခြည်  ဖြာထွက်ခြင်းဖြစ်ပေါ်နိုင်သည်။ ၎င်း၏ထူးခြားချက်မှာ ဘီတာရောင်ခြည်ဖြာထွက်ရာတွင် နယူကလိယ၏ ဒြပ်ထုတန်ဖိုး(mass )ပြောင်းလဲခြင်းမရှိပဲ အက်တမ်အမှတ်စဉ်တန်ဖိုးသာ ပြောင်းလဲနိုင် ကြောင်းတွေ့ရသည်။ ဥပမာ-ဖေါ့စဖါရပ်ဒြပ်စင်မှ ဘီတာရောင်ခြည်ထွက်ပြီး ၊ဆာဖာဒြပ်စင်သို့ပြောင်းသွားသော်လည်း         နယူကလီယတန်ဖိုး(သို့) ဒြပ်ထုတန်ဖိုး မပြောင်းလဲပေ။
15P3  =>16S32 +e- + v -               (မှတ်ရန် ။    ။ နယူကလိယမှထွက်လာသော ဘီတာရောင်ခြည်သည်  အမှန်တကယ်တွင် အီလက်ထွန်   ထွက်လာခြင်းဖြစ်သည်။သို့သော် ဘီတာ ရောင်ခြည် (Beta ) ဟုသတ်မှတ်ထားသည် ။ရေဒီယိုသတ္တိကြွြ့ခင်းကြောင့်  ဘီတာရောင်ခြည်များ  အလိုအလျောက်  ဖြာထွက်လာခြင်းဖြစ်သည်။ ဘီတာရောင်ခြည်သည် ( လျှပ်စစ်ဓာတ်မ ) ဆောင်သော ရောင်ခြည်တမျိုးဖြစ်သည် ။ ထို့ကြောင့် လျှပ်စစ် (သို့) သံလိုက်စက်ကွင်းများနှင့်  တွေ့လျှင်   လမ်းကြောင်းသွေဖီသွားနိုင်သည်။ဘီတာရောင်ခြည်၏  ဖောက်ထွင်းစွမ်းအားမှာ  စက္ကူစာရွက်ကိုသာ  ဖေါက်ထွင်းသွားနို်င်ကြောင်းတွေ့ရသည် ။ပလတ်စတစ်နှင့် လူ့၏အသားကို  မဖေါက်ထွင်းနိူင်ပေ ။
        ဘီတာရောင်ခြည် ဖြာထွက်ခြင်းသာမက၊ အချို့နယူကလိယများ၏ ရေဒီယိုသတ္တိကြွမှုကြောင့် အယ်ဖာ  (Alpha ) ရောင်ခြည်ဖြာထွက်ခြင်းလဲတွေ့ရသည်။အယ်ဖာရောင်ခြည်ဆိုသည်မှာ  တခြားမဟုတ် ။ ဟီလီယမ် နယူကလိယ ဖြစ်သည်။ ဟီလီဟမ်၏  အက်တမ်အမှတ်စဉ်မှာ  Z= 2 ၊ ဒြပ်ထု M = 4  ၊ ဖြစ်သောကြောင့်  ပရိုတွန်နှစ်လုံး ၊နယူထွန်နှစ်လုံး ပါဝင်သည်။ ရေဒီယိုသတ္တိကြွနေသော    မူလနယူကလိယမှ  ပရိုတွန်နှစ်လုံးနှင့် နယူထွန်နှစ်လုံး ( အယ်ဖာအမှုန်အဖြစ်)  သီးသန့် ပြိုကွဲသွားခြင်း ဖြစ်သည်။   ထိုကဲ့သို့   နယူကလိယမှ အယ်ဖာအမှုန်များ  ပြိုကွဲထွက်သွားလျှင်   အနုမြူစည်းနှောင် စွမ်းအင်အချို့လဲ   ရောင်ခြည်အဖြစ်ထွက်ပေါ်လာနိုင်သည်။ အနုမြူစည်းနှောင်   စွမ်းအင်အကြောင်းကို ရှေ့ပိုင်းတွင်ရေးသားခဲ့ပြီးဖြစ်သည် ။  ထိုကဲ့သို့   အယ်ဖာအမှုန်( သို့) ဟီလီယမ်နယူကလိယ (သို့) အယ်ဖာရောင်ခြည် ပြိုကွဲထွက်သွားသောကြောင့်  အနုမြူစည်းနှောင်စွမ်းအင်အဖြစ်  ထွက်ပေါ်လာသောရောင်ခြည်မှာ   ဂမ်မာရောင်ခြည်ဖြစ်သည်။ဥပမာ -  ပိုလိုနီယမ်  ဒြပ်စင်မှ  ရေဒီယိုသတ္တိကြွပြီး  အယ်ဖာရောင်ခြည်(ဟီလီယမ်နယူကလိယ) နှင့်အတူ ဂမ်မာရောင်ခြည်ထွက်လာသည်။ 84 Po210 => 2He4 +   r
အယ်ဖာရောင်ခြည်သည် ပရိုတွန် 2လုံး +နယူထွန် 2လုံး  ပါဝင်သောကြောင့်   အသားတင် လျှပ်စစ်မှာ ဓာတ်ဖိုဆောင်သည်။  ဓာတ်ဖိုဆောင်သောကြောင့်  လျှပ်စစ်( သို့) သံလိုက်စက်ကွင်းများနှင့်တွေ့လျှင် လမ်းကြောင်းသွေဖီသွားနိုင်သည်။  အယ်ဖာမှုန်သည် အရွယ်အစားကြီးသောကြောင့်  စက္ကူစာရွက်ကိုပင်   ဖေါက်ထွင်းမသွားနိုင်ပေ။
        ရေဒီယိုသတ္တိကြွမှုကြောင့်  အယ်ဖာရောင်ခြည်နှင့်အတူ   ဂမ်မာရောင်ခြည်ထွက်နိုင်သော်လည်း   ၊ဂမ်မာရောင်ခြည် အလိုအလျောက်ဖြာထွက်ခြင်းလည်းတွေ့နိုင်သည်။ ထိုကဲ့သို့ ဖြစ်စဉ်မျိုးသည်   အက်တမ်ကိုပတ်နေသော  အီလက်ထွန်များနှင့်  သဘောသဘာဝခြင်းဆင်တူကြောင်းတွေ့ရသည်   ။
( အက်တမ်တခုတွင်  အီလက်ထွန်များသည် နယူကလိယကို ဝန်းရံလျှက်လှည့်ပတ်နေကြသည်။ ထိုသို့ လှည့်ပတ်ရာတွင်  စွမ်းအင်အဆင့်အလိုက်  ကိုယ်ပိုင်ပတ်လမ်းများရှိသည်။ ပတ်လမ်းတခုတွင်   အမျိုးစားတူပါက  အီလက်ထွန် နှစ်လုံးမရှိနိုင်။ ကိုယ်ပိုင်ပတ်လမ်းဖြင့် လှည့်ပတ်နေသော အီလက်ထွန် များသည်  ပြင်ပမှ  စွမ်းအင်အလုံအလောက် ရရှိပါက  စွမ်းအင်မြင့်သော  အတွင်းပတ်လမ်းသို့   ကူးပြောင်းနိုင်သည်။ သို့တည်းမဟုတ်     မူလပတ်လမ်းမှ   စွမ်းအင်ပိုနိမ့်သော  ပတ်လမ်းကို ကူးပြောင်းသွားလျှင်  စွမ်းအင်များကို ထုတ်လွတ်ပေးသည်။ ထုတ်လွတ်သော စွမ်းအင်ကို  X-ray  အိတ်ရောင်ခြည်အဖြစ်တွေ့ရသည်။ အက်တမ်အတွင်းရှိ   အီလက်ထွန်များ၏ သဘာဝဖြစ်စဉ်မှာ သာမာန်အခြေအနေတွင် စွမ်းအင်ပြောင်းလဲမှုမရှိနိုင်ပေ) ။၎င်းဖြစ်စဉ်ကဲ့သို့နယူကလိယတွင်  နယူကလီယွန်ဟုခေါ်သော  ပရိုတွန်နှင့် နယူထွန်များသည်  အချင်းချင်း အပြန်အလှန် လှည့်ပတ်နေကြရာတွင် စွမ်းအင်အဆင့်အလိုက် ပတ်လမ်းများပါဝင်သည်။  နယူကလီယွန်များသည်  စွမ်းအင်ပတ်လမ်းတခုမှ  နိမ့်သောပတ်လမ်းငို့  ကူးပြောင်းတိုင်း  စွမ်းအင်များကို  ထုတ်ပေးသည် ။ထိုသို့ ထုတ်လွတ်ရာတွင်   Ground state ဟုခေါ်သော   သာမာန်အခြေအနေသို့  ရောက်သည်အထိ  စွမ်းအင်များ ထုတ်လွတ်မည် ။ ထိုကဲ့သို့ အလိုအလျှောက် စွမ်းအင်ထုတ်လွတ်  နေခြင်း(သို့မဟုတ်)  ဂမ်မာရောင်ခြည်ဖြာထွက်ခြင်းကို  အက်တမ်အမှတ်စဉ်ကြီးသော   heavy nuclei  နယူကလိယများတွင်တွေ့နိုင်သည်။  ဥပမာ - ယူရေနီယမ်ကဲ့သို့   ဒြပ်စင်သည်  ဂမ်မာရောင်ခြည် အလိုအလျှောက်   ထွက်နေကြောင်းတွေ့ရသည်။ ဂမ်မာရောင်ခြည်သည်   လျှပ်စစ်သံလိုက်ရောင်ခြည်ဖြစ်သည်။ ဂမ်မာအမှုန်ဟု  ခေါ်ဆိုနိုင်သော်လည်း  စွမ်းအင်အထုပ်ကလေးများ ( Energy packet) အသွင်ဆောင်ပြီး  ဒြပ်ထုမရှိပေ။လျှပ်စစ်ဓာတ်မရှိပဲ   စွမ်းအင်သီးသန့် ရောင်ခြည်ဖြစ်သောကြောင့်  လျှပ်စစ်( သို့) သံလိုက်စက်ကွင်းများနှင့်တွေ့လျှင်  လမ်းကြောင်းသွေဖီခြင်းမရှိပဲ   အလင်းကဲ့သို့ တစ်ဖြောင့်ထဲရှိသည်။ ဂမ်မာရောင်ခြည်သည်   ဖောက်ထွင်းစွမ်းအား   အမြင့်ဆုံးဖြစ်သည်။ ထို့ကြောင့်  အန္တရယ်ရှိသောရောင်ခြည်တမျိုးဖြစ်သည် ။   ဂမ်မာရောင်ခြည်သည်   ခဲသတ္တုကို 30စင်တီမီတာသာ ဖေါက်ထွင်းနိုင်သောကြောင့်  ၊ ၎င်းကိုကာကွယ်ရန်     ခဲသတ္တုများဖြင့် သိုလှောင်ထားရ၏ ။ထို့ပြင်  ဓာတ်ခွဲခန်းများတွင်  ခဲသတ္တုအပြင်  ၊ဖယောင်းကိုလဲ   အသုံးပြုသည်။
                                  ရောင်ခြည် ၃ မျိုး၏  ဖေါက်ထွင်းနိုင်မှုသရုပ်ပြပုံ     
   အချုပ်အားဖြင့်  ရေဒီယိုသတ္တိကြွမှုနှင့်သက်ဆိုင်သော  နယူကလိယများကို  ယေဘုယျအားဖြင့်  အမျိုးအစား (၅)ခု  ဖြင့်   လေ့လာတွေ့ရသည်။
(၁)အနုမြူတည်မြဲသောနယူကလိယများ- ဆိုသည်မှာ   ရေဒီယိုသတ္တိကြွခြင်း မရှိသော   နယူကလိယများဖြစ်သည်။ထိုကဲ့သို့ အနုမြူတည်မြဲသော  နယူကလိယအမျိုးစားပေါင်း ၂၆၄ မျိုးတွေ ့  နိုင်သည်။ သို့သော်   ၎င်းတို့သည်  အစဉ်သဖြင့်တည်မြဲနေသည်  မဟုတ်ပေ။ ရေဒီယိုသတ္တိကြွမှု   အလွန်သေးငယ်သောကြောင့်     တိုင်းတာ၍မရနိုင်ခြင်းဖြစ်သည်။သက်ရှိသက်မဲ့အားလုံး  ဖြစ်ပြီးလျှင်    ပျက်ရမည်ဟူသော   လောကနိယာမတရားကို  ဆန့်ကျင်၍မရပါ ။သို့သော် ယေဘုယျအားဖြင့်  တည်မြဲသည်ဟု  သတ်မှတ်ထားသည်။ ဥပမာ -ကာဗွန် ၊ နိုက်ထရိုဂျင် ၊ အောက်ဆီဂျင် …
(၂)ပထမမျိုးဆက် ရေဒီယိုသတ္တိကြွ နယူကလိယများ - ဆိုသည်မှာ  နေအဖွဲ့အစည်းအတွင်းရှိ  ကမ္ဘာမြေပေါ်တွင်  သဘာဝအတိုင်းတွေ့ရသော  နယူကလိယများဖြစ်သည်။၎င်းတို့၏  သက်တမ်းဝက်မှာ  အလွန်ရှည်လျားပြီး  ၂၆ မျိုးခန့်တွေ့ရသည် ။ ဥပမာ - ယူရေနီယံ ၂၃၈ ၊ ပိုတက်စီယံ ၄၀ ၊ ရူဘီဒီယံ ၈၇ …
(၃)ဆင့်ပွါးမျိုးဆက် ရေဒီယိုသတ္တိကြွ နယူကလိယများ - ဆိုသည်မှာ  ပထမမျိုးဆက်နယူကလိယမှ  ရေဒီယိုသတ္တကြွပြီး   ကြွင်းကျန်နေသော  နယူကလိယကို   ဆိုလိုခြင်းဖြစ်သည် ။၎င်းသည်လည်း  ရေဒီယိုသတ္တကြွခြင်းဖြစ်ပေါ်နေသည်။  ဥပမာ- ယူရေနီယံ ၂၃၈    သည်   သဘာဝအတိုင်းရေဒီယို  သတ္တိကြွခြင်းကို တွေ့ရသည်။ ၎င်းယူရေနီယံသည်   နှစ်သန်းပေါင်း ၄၅၀ကြာသောအခါ    သိုရီယံ၂၃၄  (နယူကလိယ )အဖြစ်ပြောင်းလဲသွားမည် ။၎င်း သိုရီယံသည်လည်း   ရေဒီယို သတ္တိကြွရာမှ ၂၅ ရက်ကြာသောအခါ ပရိုတက်စတီနီယံ ၂၃၄ အဖြစ်  အသွင်ပြောင်းသွားမည် ။ထိုမှတဆင့် ၆ရက်ကြာသောအခါ ယူရေနီယံ ၂၃၄ အဖြစ် ပြောင်းလဲသွားမည်။ ထိုကဲ့သို့ အဆင့်ဆင့်ပြောင်းလဲလာရာမှ    နောက်ဆုံး  ကြွင်းကျန်နေသော   နယူကလိယမှာ   ခဲသတ္တုဖြစ်သည်။ အထက်ပါအတိုင်း  ယူရေနီယံ ၂၃၈ မှ  အဆင့်ဆင့်ပြောင်းလဲသွားသော  နယူကလိယများကို  ဒုတိယမျိုးဆက် ရေဒီယိုသတ္တိကြွ နယူကလိများဟုခေါ်သည် ။၎င်းဖြစ်စဉ်ကို Radioactive series ဟုခေါ်သည်။
                        ယူရေနှီယံ ၂၃၈  ၏  Radioactive series အဆင့်ဆင့်ပြောင်းလဲပုံ
      Radioactive series  ဖြစ်စဉ်ကို     မြန်မာလိုနားလည်နိုင်စေရန်  ဥပမာဖြင့် တင်ပြပါအံ့။  အလွန်ကြီးမားသော  သစ်ပင်ကြီးတစ်ပင်သည် သက်တမ်းအလွန်ကြာရှည်စွာ တည်ရှိနေသည်ဆိုပါစို့။ နောင်တချိန်တွင်    ၎င်းသစ်ပင်ကြီး သေသွားသောအခါ  ခုတ်ပိုင်း ဖြတ်လိုက်လျှင်   ထင်းအဖြစ်သို့ ပြောင်းလဲသွားမည်။ ရရှိလာသောထင်းကို လောင်စာအဖြစ် အသုံးပြုလျှင်   မီးသွေးအဖြစ်  ကျန်ရှိနေဦးမည်။ မီးသွေးဆက်လက်လောင်ကျွမ်းလျှင် နောက်ဆုံးတွင်  ပြာမှုန်များအဖြစ်  ကြွင်းကျန်နေမည် ။သစ်ပင်ကြီးမှ   ပြာမှုန်အဖြစ်သို့ အဆင့်ဆင့်   ပြောင်းလဲ သွားသကဲ့သို့၊  ယူရေနီယံ ၂၃၈ မှ     ရေဒီယို သတ္တိကြွပြီး  အဆင့်ဆင့်ပြောင်းလဲလာရာ   နောက်ဆုံးတွင်    ခဲသတ္တုအဖြစ်  ကြွင်းကျန်နေမည်ဖြစ်သည်။
(၄)သဘာဝဖြစ်စဉ်ကြောင့် ရေဒီယိုသတ္တိကြွသော နယူကလိယများ - ဆိုသည်မှာ အာကာသမှ ရောက်ရှိလာသော  ကော့စမစ်ရောင်ခြည်များကြောင့်ဖြစ်သည်။ကော့စမစ်ရောင်ခြည်တွင်  နယူထွန်မှုန် များပါဝင်နေသောကြောင့် လေထုထဲရှိ နိုက်ထရိုဂျင်(7)နှင့် ဓာတ်ပြုရာမှ ရေဒီယိုသတ္တိကြွခြင်းဖြစ်သည်။
ဥပမာ - N14 (n,p)C 12  ,  N14 (n,t)C14  
(၅)ဖန်တီးထားသော ရေဒီယိုသတ္တိကြွ နယူကလိယများ - ဆိုသည်မှာ  သိပ္ပံပညာရှင်များက  ဒြပ်စင်များကို ရောစပ်၍  ရေဒီယိုသတ္တိကြွစေရန် ဖန်တီးထားသော  နယူကလိယများဖြစ်သည် ။ဥပမာ- Co60 , Cs137 ,Na24 တို့ဖြစ်သည် ။
ရေဒီယိုသတ္တိကြွ နယူကလိယများ၏  သက်တမ်းဝက် ၊ကြာချိန်နှင့်ဓာတ်ရောင်ခြည်အမျိုးစားများ(ဇယား)
Aug 18, 2010
ဖေဖေ့ပေးစာ
        ပြင်သစ်စာရေးဆရာကြီးတယောက် ငယ်ရွယ်စဉ် တက္ကသိုလ်တက်ခဲ့ချိန်မှာ ဖခင်ဖြစ်သူက သွန်သင်ဆုံးမစာတွေကို ရေးသားပေးပို့ ခဲ့ပါတယ် ။ သူ့ ဖခင် ပေးပို့ တဲ့ စာတွေကို စုဆောင်းသိမ်း ဆည်းထားခဲ့ပြီးနောက် နှစ်ပေါင်းများစွာကြာတဲ့အခါမှာ စာအုပ်အဖြစ်ထုတ်ဝေ ဖြန့် ချီခဲ့ပါတယ်။အဲဒီ စာအုပ်ဟာ အလွန်နာမည်ကြီးပြီး နိုင်ငံတကာမှာ ဘာသာပြန်ထုတ်ဝေ ရေးသား ခဲ့ကြပါတယ်။ အဲဒီစာအုပ်ကို စာရေးဆရာကြီး မြသန်းတင့်က ဘာသာပြန်အဖြစ်ရေးသားခဲ့ဘူးပါတယ် ။ ပေးစာများ ကို စာအုပ်အဖြစ်ထုတ်ဝေခဲ့ခြင်းကြောင့် စာရေးဆရာများလောကမှာ ရေးနည်းရေးဟန် တမျိုးအဖြစ် ခေတ်စားလာခဲ့ပါတယ်။ စာရေးဆရာ အာဘော်ကိုသုံးပြီး ပေးစာရေးနည်းနဲ့  ရေးသားလာခဲ့ကြတာ … သားသားလေးဖတ်ဖို့  ၊သမီးလေးဖတ်ဖို့  ၊တူမောင် ဖတ်ဖို့  …စသဖြင့်ပေါ်ပေါက်လာခဲ့ပါတယ်။   ]
         အခုကျွန်တော် ဘဘော့ရဲ့  ဆောင်းပါးကဏ္ဍမှာ ဖေဖေ့ပေးစာတစ်စောင်ကို တင်ဆက်လိုက်ပါတယ်။ ကျွန်တော်အာဘော်ကိုသုံးပြီး ပေးစာအဖြစ်ဖန်တီးရေးသားထားခြင်းတော့ မဟုတ်ပါဘူး။(၈၊ ၄၊၂ဝ၁ဝ) နေ့ က ကျွန်တော် ဖေဖေထံမှ ရေးသားပေးပို့ လိုက်တဲ့ စာတစောင်ကို လက်ခံရရှိခဲ့ခြင်းဖြစ်ပါတယ်။  (၈၊ ၂၊၂ဝ၁ဝ)နေ့ ကရေးပို့ လိုက်တာကြောင့် ကျွန်တော်လက်ထဲကိုရောက်ဖို့  နှစ်လတိတိ ကြာခဲ့ပါတယ် ။ စာထဲမှာပါတဲ့  အကြောင်းတွေကတော့ ကျွန်တော်အပေါ်မှာထားရှိတဲ့ ဖေဖေရဲ့  သဘောထားနဲ့  ဖခင်တယောက်ရဲ့  သွန်သင်ဆုံးမမှုတွေဖြစ်ပါတယ်။ဒီစာကို ဖတ်ပြီးတော့ ကျွန်တော် တစ်ယောက်ထဲအတွက်သာမက ဖီးကျူရဲ့  စာဖတ်ပရိသတ်များအတွက်ပါ အကျိးကျေးဇူး တစုံတရာ ရစိမ့်သောငှာ မူရင်းအတိုင်း မျှဝေဖေါ်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ .
.......................................................
သို့  
     သားရေ .. ဖေဖေ စာရေးလိုက်တယ် ။ ဖေဖေ ၊မေမေတို့  တအိမ်သားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာလျက် ရှိကြပါတယ် ။ ဖေဖေတို့ အတွက် ပူုပင်ကြောင့်ကြစရာမလိုပါ ။ သားအနေနဲ့  စိတ်ချလက်ချ စာကြိုးစားပါလို့ ပြောချင်ပါတယ် ။ကျန်းမာချမ်းသာစွာ ပညာရှာမှီးနေတယ်ဆိုတာကို သိရလို့  ဖေဖေတို့  ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ်။စားသတိ ၊သွားသတိ ၊အိပ်သတိ၊ နေရာတိုင်း မှာ “သတိ” ရှိရှိနေထိုင်ပါ …သားရေ ..။အစားမတော် တလုပ် ၊ အသွားမတော် တလှမ်းဆိုတဲ့ စကားပုံ ကို သားလည်း ကြားဘူးပြီးသား ဖြစ်ပါတယ် ။ နောက်ပြီးတော့ သားရဲ့ ဆရာ … (နိုင်ငံကျော်လက်ဝှေ့  ချံပီယံ ၊အမျိုးသားစာပေဆု(၃)ထပ်ကွမ်းရ စာရေးဆရာ ) ဘာမအထီခင်အောင်(ရွေဘို)ကပြောတယ် ။ မြန်မာလူမျိုးအားလုံးအတွက် အကျိုးရှိမည့် ဝထ္ထု ၊ဆောင်းပါးများကို အချိန်ရရင် ရေးသားစေချင်တယ် လို့  ပြောပါတယ်။  
      နောက်တခု ပြောချင်တာကတော့ … ဘာသာ ၊သာသနာအတွက် ဒါနပါရမီမြောက်အောင် လှူဒါန်းပေးပါလို့ ပြောခဲ့တယ်မလား ..။ အဲတာကြောင့် ဖေဖေတို့ လဲ (ကာလဒါန) အဖြစ် လှူဒါန်းမှုတွေလုပ်နေပါတယ်။ ကာလဒါနဆိုတာက တော့ အလှူခံပုဂ္ဂိုလ်မှာ အမှန်တကယ်လိုအပ်နေတာကို လှူဒါန်းလိုက်ခြင်းပါပဲ ။ဒါကြောင့် ဘယ်လို ပုဂ္ဂိုလ်မျိုးကို လှူသင့်တယ်ဆိုတာ ဖေဖေ ၊မေမေတို့ အမြဲတမ်း ရွေးချယ်နေကြတယ်။ အဲဒီ ကာလဒါန ဆိုတဲ့ လှူဒါန်းမှုကို ပြုလိုက်ရတဲ့ အကျိုးကြောင့် သားရော ၊ ဖေဖေ မေမေ ၊ မမ ၊ဘဒွေးလေးတို့  အားလုံး ဆုတောင်းစရာမလိုပဲ နိဗ္ဗာန်ရောက်နိုင်တဲ့ ဥာဏ်ပညာပါရမီတွေ ရကြပါလိမ့်မယ်။အဓိကပြော ရရင် စေတနာပေါ့..သားရေ ။ အခုချိန်မှာတောင် အရင်ဘဝက စေတနာစစ်စစ်နဲ့  ပညာရေးပါရမီ တွေ လုပ်ခဲ့လို့  ဒီဘဝမှာ ပညာရှာမှီးနိုင်တယ်လို့  ပြောရမှာပေါ့ ။သားရဲ့  ကြိုးစား အားထုတ်မှုတွေကို လည်း ဖေဖေတို့  ဂုဏ်ယူဝမ်းမြောက်ပါတယ် ။ရွေဘိုဒီဂရီင်္ကောလိပ်မှာ ကတည်းက မအိပ်မနေ ကြိုးစားခဲ့တယ်ဆိုတာ …ဖေဖေတို့  အသိဆုံးပေါ့ ။နောက်တခု ဒါနအလှူအတွက် ကုသိုလ်ပွါးဖို့  ပြော ပြအုံးမယ် ။ပြီ့း ခဲ့တဲ့ တရက်က ရွေဘိုမြို့ ရဲ့  အနောက်ဘက် (သပြေသာရွာ)အောင်ဆုပန် ကျောင်း တိုက်ဆိုတာ သိတယ်မလား။ အဲဒီကျောင်းတိုက်မှာ ဆရာတော် သံဃာတော်တွေ တရားထိုင် ၊စာအံ တာတွေ စသဖြင့် သာသနာဝန်ဆောင် ပုဂ္ဂိုလ်များအတွက် အလှူဝထ္ထုငွေ လှူဒါန်းခဲ့တယ်ဆိုတာကို ပြောချင်တာပါ။ သားအနေနဲ့  ကုသိုလ်ပွါးနိုင်အောင်ပြောပြပေးတာပါ ။အလှူဒါန တခုခုကို ပြုလုပ်တိုင်း မည်သည့် ပုဂ္ဂိုလ်ကိုဖြစ်ဖြစ် သန့် သန့် ရှင်းရှင်း၊ ရိုရိုသေသေ ။လေးလေးစားစား ၊ယဉ်ကျေးစွာ လှူဒါန်း ပါလို့  ပြောချင်ပါတယ် ။ 
      မိမိနဲ့ ပေါင်းသင်းဆက်ဆံသူ အားလုံးကို စိတ်ချမ်းသာပါစေ ၊ မိမိကြောင့် သူတပါး စိတ်မချမ်းမသာ မဖြစ်ပါစေနဲ့ ၊ ဘဝရပ်တည်မှုအတွက် ပိုက်ဆံရှာတဲ့အခါမှာလည်း သမာအာဇီဝနဲ့  ဖြူစင်သန့် ရှင်းစွာ ရှာဖွေစုဆောင်းဖို့ ပါပဲ ။ မိမိ အသက်ရှင်သန်ဖို့ အတွက် သူတပါး အသက်ကို စတေးပြီး သတ်ဖြတ်ခြင်း၊မွေးမြူခြင်းကို ဘယ်တော့မှ မလုပ်ပါနဲ့ လို့ ဖေဖေ…ခဏခဏပြောဘူးပါတယ် ။နောက် ပြီးတော့ လိမ်လည်လှည့်ဖျားပြီးတော့ ငွေရှာတာတွေ၊သူတပါး မျက်ရည်ထွက်မှ မိမိဘဝ စိုပြည်အောင် ဝင်ငွေရှာတာတွေက မသန့် ရှင်းတဲ့ ငွေတွေလို့ ပြောရမှာပါ။ မိမိရှာထားတဲ့ ငွေက မသန့် ရှင်းရင် ရန်သူမျိုးငါးပါးနဲ့  သေချာပေါက်ရင်ဆိုင်ရမှာပဲလေ ။ ရန်သူမျိုး ငါးပါးဆိုတာ (၁) ရေ (၂) မီး (၃)မင်း (၄)သူခိုး (၅)မချစ်မနှစ်သက်သောသူ (သား၊ သမီးဆိုး ) တွေပါပဲ ။အခုလိုပြောပြရတာကတော့ သားက မစင်ကြယ်တဲ့ငွေတွေ ရှာနေလို့  ပြောနေခြင်းမဟုတ်ပါဘူး။ မိမိ ကိုယ်ကျင့်တရား အမြဲတမ်း ဖြောင့်မတ်နေဖို့  ပြောပြတာပါ။ စိတ်နေမပြောင်း ၊စိတ်ကောင်းမပျက်ဆိုတဲ့အတိုင်း ဖြောင့်မတ်စွာ လျှောက်လှမ်းနိုင်ဖို့  သတိပေးတာပါ။ သားရဲ့ ဘဝမှာ ဖြူစင်သန့် ရှင်းစွာ အသက်မွေးစေချင်လို့ ပဲ … တခြားဝန်ထမ်းအလုပ်တွေကို ခွင့်မပြုခဲ့တာပါ။ ရာထူးကြီးကြီတွေရပြီး ၊ဝိသမလောဘနဲ့  စီးပွါးရှာ ကြီးပွါးချမ်းသာတာမျိုးကို အားပေးအားမြှောက်လုပ်မည့် မိဘထဲမှာတော့ ဖေဖေ မပါပါဘူး သားရေ ဘာကြောင့်လဲဆိုတော့ လူဖြစ်ရတဲ့ ခဏတာ ဘဝလေးမှာ အကုသိုလ်အလုပ်တွေနဲ့  သံသရာမှာ ပါမသွားစေချင်လို့ ပါပဲ။ သားရဲ့  ပညာဒါနပါရမီလုပ်ခဲ့တာတွေကို ဖေဖေတို့ က အမြဲတမ်း ဂုဏ်ယူ ဝမ်းမြောက်လျက်ရှိနေကြတာပါ ။ 
         ကျန်းမာရေးအတွက်လည်း ပြောရအုံးမယ် ။ဖေဖေ ပေးချင်တဲ့  ဆေးတခွက်ကတော့ ရေသောက်ဖို့ ပါပဲ ။ ရေကို တရက်မှာ ဖန်ခွက်ကြီးနဲ့  (၇) ခွက်လောက် သောက်ပေးပါ။ ဘာကြောင့် လည်းဆိုတော့ ဆီးနဲ့ ဝမ်းကို မှန်အောင်လို့ ပါပဲ ။ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ရေးများများ သောက်ပြီးတော့ ဆေးကြောခြင်းပါပဲ ။ဆီးဝမ်းစွန့် ထုတ်တာတွေ မမှန်ဘဲ ချုပ်နေရင် အတွင်းထဲက နည်းအမျိုးမျိုးနဲ့  ကန်ထွက်လာတတ်တယ် ။အာခံတွင်းနဲ့  နံတာတွေ ၊ခေါင်းမူး ၊ခေါင်းကိုက်၊ ခေါင်းအုံ ၊ မျက်စိမှုန်တာတွေက ခန္ဓာကိုယ်ထဲက ကန်ထွက်လာတာတွေပဲပေါ့ ။ ဝမ်းတလုံးကောင်းရင် ခေါင်းမခဲ ဘူးဆိုတဲ့ စကားပုံကိုလည်း ကြားဘူးပြီးသာဖြစ်မှာပါ ။ဖေဖေတော့ စာအုပ်ထဲမှာ ဖတ်ဖူးတယ် ။စာရေး ဆရာကြီးတယောက်က ဒီလို ရေးဘူးတယ်လေ။ မျိုသမျှ ယိုရမယ် ၊ သောက်သမျှပေါက်ရမယ်တဲ့ ။အဲ တာကြောင့်လည်း ရေများများသောက်ဖို့  ပြောပြနေတာပါ ။ရေများများသောက်တော့ ဝမ်းကို ပျော့စေ တယ် စွန့် ပစ်အရည်အဖြစ် ဆီးကို ရွင်စေတယ် ။ပြီးတော့ ချွေးအဖြစ်လဲ စွန့် ထုတ်နိုင်တယ်။သွေးအား ကိုလည်း တိုးစေတယ်။ ချွေးထွက်များဖို့ အတွက်လည်း ကျန်းမာရေးလေ့ကျင်းခန်းကိုလည်း ပုံမှန်လှုပ် ရှားပေးပါ ။      
      နောက်ပြီးတော့ လည်ပင်းဇက်တိုင်ကိုလည်း ခဏခဏ ချိုးလိမ်တာတွေ မလုပ်ပါနဲ့  ။အဲဒီအကျင့် ကို တတ်နိုင်သလောက် ဖျောက်ပါ ။ဇက်တိုင် အနေခက်လာရင် လက်ညိုးလက်မနဲ့  ညင်သာစွာလေး နှိပ်နယ်လိုက်ပါ။သက်သာပျောက်ကင်းသွားပါလိမ့်မယ် ။ပြီးတော့ ရင်ဘတ်နဲ့  ဦးခေါင်းပိုင်းကို အအေး မိ မခံပါနဲ့  ခန္ဓာကိုယ်ရဲ့  အဓိက အင်ဂျင်အစိတ်ပိုင်းတွေကို အထူးသတိထားရမှာဖြစ်ပါတယ် ။အစား အသောက်ကိုလည်း အလွန်အကျွံမစားပါနဲ့ ၊ အစာမစားဘဲလည်း မနေပါနဲ့  ။ပုံမှန်လေး နေထိုင်စား သောက်ပါ ။အပြင်ထွက်လည်တာတွေ ၊ ညမအိပ်ပဲ နေတာတွေကို အထူးသတိထားပြီး ရှောင်ကြဉ်ပါ။ သားတို့ ဆီမှာ အင်တာနက်ကို အချိန်ပြည့်သုံးနိုင်တယ်ဆိုတာ သိရတယ် ။ အင်တာနက်မှာ ဗဟုသုတ ၊ပညာရှာမှီးရာမှာ လွယ်ကူတယ်ဆိုတာ ဖေဖေ သိပါတယ် ။ဖေဖေ ကြားဘူးထားတာတွေ နဲ့  သားကို ပြောချင်တာကတော့ အင်တာနက်ကို အသုံးပြုပြီး ကြည့်တဲ့ အခါ ဗုဒ္ဓဘာသာဝင်နဲ့  ဆန့် ကျင်တဲ့ အတွေးအမြင်တွေကို လုံးဝမကြည့်ပါနဲ့ ။ကမ္ဘာအရပ်ရပ်က ယဉ်ကျေးမှု လူနေမှု စရိုက် တွေက ဖေဖေတို့  မြန်မာတွေရဲ့  ဘာသာ ၊ယဉ်ကျေးမှုနဲ့  ဆန့် ကျင်ဘက်တွေ ဖြစ်နေတယ်ဆိုတာ သားလည်း သိပြီးသားဖြစ်မှာပါ ။မိမိအတွက် အကျိုးရှိနိုင်တာတွေကိုပဲ အင်တာနက်ကို အသုံးပြုပါ လို့  ပြောချင်တာပါ။ အဲဒါမှလည်း တန်းဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းမပစ်ပဲ အသုံးချရာရောက်မှာပါ ။  
       အချိန်တွေဘယ်လောက်ပဲကုန်ကုန် ဘာပဲလုပ်လုပ် ဘာသာတရားကိုတော့သီးသန့် အချိန်ပေးပြီး အဓိဌာန်နဲ့ လုပ်ပါ ။ မြတ်စွာဘုရားရဲ့  ဂုဏ်ကျေးဇူးတော်ကို မျက်စိထဲမှာ မြင်ယောင်ပြီး ရှိခိုးဦးချပါ ။ မြတ်စွာဘုရား ဟောကြားတော်မူထားခဲ့တဲ့ တရားတော်များ ၊ဗုဒ္ဓကျမ်းစာပေများကို ရှိခိုးဦးချပါ။မြတ်စွာ ဘုရားရှင်၏ တရားတော်များကို ထိန်းသိမ်းစောင့်ရှောက်နေကြသော သံဃာတော်များကို ရှိခိုးဦးချပါ။ ဖေဖေတို့ မိသားစုအားလုံး ဗုဒ္ဓတရားကျင့်စဉ်များကို နည်းမှန်လမ်းမှန်ရောက်အောင် ပြုပြင်ဆုံးမပေး သော ဆရာတော်ဘုရာကြီးရဲ့  ဂုဏ်ကျေးဇူးတော်ကိုလည်း ရှိခိုးဦးချပါ။ ကိုးလလွယ်၊ ဆယ်လမွေး၊ဖဝါး လက်နှစ်လုံး ၊ပုခုံးလက်နှစ်သစ်ကတည်းက သားရဲ့ ကျန်းမာရေး ၊ ဘာသာရေး ၊ကိုယ်ကျင့်တရား၊ပညာ ရေး စတာတွေကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဖေဖေ မေမေတို့ ၏ ဂုဏ်ကျေးဇူးတို့ ကို ရှိခိုးဦးချပါ ။ 
       အထက်ပါအတိုင်း ရှိခိုးဦးချပြီးမှ ငါးပါးသီလခံယူဆောက်တည်ပါ။ ကောင်းမှုတခု နေ့ စဉ်ပြုဆိုတဲ့ အတိုင်း မပျက်မကွက်ဆောင်ရွက်ပါ။ ငါးပါးသီလခံယူဆောက်တည်ပြီးရင် တရားတထိုင်ခန့် ကို ရှုမှတ် ပါ။ တရားထိုင်ရာတွင် ခန္ဓာကိုယ်အနှံ့ ဘယ်နေရာက ယားယံခြင်း ဖြစ်ဖြစ် မလှုပ်ရှားပါနဲ့ ။တည်ကြည် ဖြောင့်မတ်စွာ ငြိမ်ငြိမ်သက်သက် ထိုင်ပါ။ တရားမထိုင်မှီ ဘယ်လိုရွတ်ဆိုရမည်ဆိုတာကိုလည်း ပြောပြ အုံးမယ်။ 
…………………… ဘုရားတပည့်တော်သည် ဘုရား၊ တရား ၊သံဃာ၊ ဆရာတော်ဘုရားကြီး ၊အမိ ၊အဖ ၊ဆရာသမားများ အပေါ်၌ ဓမ္မအန္တရာယ်ဖြစ်စေတတ်သော ကာယကံမှု ၊ဝစီကံမှု၊မနောကံမှု ၊တခုခုတို့ ဖြင့်ပြစ်မှား ကျူုးလွန်မိခဲ့သည်ရှိသော် အပြစ်မှခွင်လွတ်တော်မူပါ အရှင်ဘုရား ….။ ကျွန်ုပ်ထက်ကြီးမြတ်သော ပုဂ္ဂိုလ်အပေါင်းတို့  အပေါ်၌ ဓမ္မအန္တရာယ်ဖြစ်စေတတ်သော ကာယကံမှု ၊ ဝစီကံမှု၊ မနောကံမှု တခုခုတို့ ဖြင့်ပြစ်မှားကျူုးလွန်မိခဲ့သည်ရှိသော် အပြစ်မှခွင့်လွတ်ပေးကြကုန်လော့။ ကျွန်ုပ်အောက်ငယ်သော ပုဂ္ဂိုလ်တို့ သည် ကျွန်ုပ်အပေါ်၌ ဓမ္မအန္တရာယ်ဖြစ်စေတတ်သော ကာယကံမှု ၊ဝစီကံမှု၊ မနောကံမှု ၊ တခုခုတို့ ဖြင့်ပြစ်မှား ကျူုးလွန်မိခဲ့သည်ရှိသော် အပြစ်မှခွင့်လွတ်ပါ၏။ ဘုရားတပည့်တော်၏ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကို- 
(၁) မြတ်စွာဘုရားအား လှူဒါန်းပါ၏ 
(၂) တရားတော်မြတ်အားလှူဒါန်းပါ၏ 
(၃) သံဃာတော်မြတ် ၊ ဆရာတော်ဘုရားကြီးများအား လှူဒါန်းပါ၏ 
(၄) မိဘ ၊ဆရာသမားများအား လှူဒါန်းပါ၏ 
(၅) ဘုရားတပည့်တော်အား သတိပဌာန်ကမ္မဌာန်းကို တထိုင်ခန့် မျှ ပေးသနားတော်မူပါ အရှင်ဘုရား   
     ဤတထိုင်ခန့် မျှ အဓိဌာန်မြောက်ခဲ့သည်ရှိသော်…(လိုရာဆုကို ..စိတ်ထဲမှ တောင်းပါ )ဥပမာ- နိဗ္ဗာန်သို့  လျှောက်လှမ်းနိုင်သော ဥာဏ်ပညာပါရမီများ ရရပါလို၏ဘုရား…စသဖြင့် ဆုတောင်းပါ ။ ထို့ နောက် မိမိလုပ်နိုင်သလောက် အချိန်အတိုင်းတာထိ တရားထိုင်ပါ ။တရားထိုင်တဲ့အခါ နည်းလမ်း အမျိုးမျိုးရှိကြပေမဲ့ ဖေဖေကတော့ ဝိပသနာ ကမ္မဌာန်းကို အမြဲရှုမှတ်ပါတယ် ။ ဝိ = အထူး ၊ ပသနာ= ရှုမှတ်ခြင်းနည်းလမ်း လို့  အဓိပ္ပါယ်ရတာကြောင့် ရုပ်နာမ်နှစ်ခု့ ဖြစ်ပျက်မှုကို ရှုမှတ်ခြင်းလို့  ဆိုလိုတယ်။ 
       တရားထိုင်ပြီးတဲ့အခါ ရဟန်းရှင်လူ ၊သံဃာတော်၊ ဆရာတော်ဘုရားကြီးများ ။သူတော်စင်အပေါင်း တို့ ကို တပည့်တော်၏ကောင်းမှုကုသိုလ်ကို ထပ်တူထပ်မျှရစေကြောင်း မေတ္တာပို့ ပေးပါ။နောက်ပြီး အန္တစကြာဝဠာအတွင်းရှိ ထွက်သက်ဝင်သက်ရှိသော သတ္တဝါအပေါင်းတို့ အား ကျွန်ုပ်၏ကုသိုလ် ကောင်းမှုကို ထပ်တူထပ်မျှရပါစေကြောင်း မေတ္တာပို့ ပါ။တရားထိုင်လို့ ရတဲ့  ကောင်းမှုကုသိုလ်ကို မေတ္တာပို့ သခြင်းဖြစ်တယ် ။  
     အထက်ပါအတိုင်း ဖေဖေပြောပြတာတွေက စနစ်တကျ တရားထိုင်ခြင်းဖြစ်တာကြောင့် သေချာစွာ မှတ်သားပြီး လိုက်နာဆောင်ရွက်ပါ ။အထက်ပါနည်းအတိုင်း နေ့ စဉ် လုပ်ဆောင်သွားမယ်ဆိုရင် ကုသိုလ်ထူးတွေ နေ့ တိုင်းရရှိမှာပါ ။ပန်းဝတ်ရည်မှုန်လေးတွေကို စုဆောင်းတဲ့ ပျားကောင်လေးတွေ လိုပဲ နေ့ စဉ်နဲ့ အမျှ စုဆောင်းသွားရင် နောင်တချိန်မှာ ပျားလဘို့ ကြီးလို များပြားတဲ့ကုသိုလ်ထူး တွေ စုဆောင်းမိမှာ သေချာပါတယ်။ 
     ပထမအရွယ်မှာ ပညာရှာ ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ ၊ တတိယအရွယ်မှာ တရားရှာ ….လို့  တချို့ တွေ ပြောကြပေမဲ့ တရားကိုတော့ ဘယ်အရွယ်မှာပဲဖြစ်ဖြစ် ရှာရမှာပါ ။တတိယအရွယ်မှ ..တရားရှာမယ်လို့  စိတ်ကူးထားတဲ့လူတယောက်ဟာ တတိယအရွယ် မရောက်ခင် သေသွားခဲ့ရင် ဘယ်မှာ တရားရှာနိုင်တော့မလဲ ။အဲဒီတော့ ဘယ်မှာ လူဖြစ်ကျိုးနပ်နိုင်ပါ့မလဲ ။တတိယအရွယ်မှာ…. ခန္ဓာကိုယ်ကျန်းမာရေးကလည်း ချွတ်ယွင်းတတ်တာဆိုတော့ တရားကို ဖြောင့်ဖြောင့် ရှာဖို့ လဲခက်ခဲ နိုင်တယ် …သားရေ..။အဲတာကြောင့် ကျန်းမာရေးကောင်းတုံး ငယ်ရွယ်တုံးမှာ တရားကိုတော့ ရှာရလိမ့်မယ် ။ အများကြီး မလုပ်နိုင်တောင်မှ တရက် ၂၄ နာရီမှာ ၁ နာရီလောက်တော့ တရား ကျင့်ကြံနိုင်ရင် အကောင်းဆုံးပါပဲ ။ 
    လူတချို့ တွေ ရဲ့  ဖြစ်တတ်တဲ့  သဘာဝကိုလည်း ပြောပြပါအုံးမယ်။ အချို့ တွေက ရာထူး ၊အလုပ် အကိုင် ၊စီးပွါးရေးလုပ်ငန်းတွေမှာ အဆင်ပြေချောမွေ့ နေကြပီဆိုရင် ..လူတကာရဲ့ အပေါ်မှာ အသာ စီးရနေပြီးဆိုရင် မျက်နှာထားတင်းတင်းနဲ့  တစ်ကမ္ဘာလုံး သူ့ လုပ်စာစားနေကြသလို မာန်တက်ကြ တတ်တာကို တွေ့ ကြုံဘူးပါလိမ့်မယ် ။သူတို့ တွေဟာ အိုခြင်းဆင်းရဲ ၊နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ ၊ ဆိုတာတွေကို မသိကြတဲ့သူတွေပါပဲ ။ဒါပေမဲ့ သတ္တဝါ ၊ လူမှန်သမျှ အို ၊နာ၊ သေဆိုတဲ့ ဆင်းရဲဒုက္ခ တွေကို မလွဲမသွေ ကြုံတွေ့ ကြရမှာဖြစ်ပါတယ် ။အဲဒီ ဆင်းရဲဒုက္ခတွေကို ခံနိုင်ရည်ရှိအောင် ပြင်ဆင် ထားဖို့  ဗုဒ္ဓတရားတော်တွေကို ကျင့်ကြံ့ကရမယ်။
      ဖေဖေ အတွေ့ အကြုံအရ ပြောရမယ်ဆိုရင် တရားထိုင်ရခြင်းအကျိုးကြောင့် စိတ်လက်ပေါ့ပါး တယ် ။ဖေဖေဟာ ၁၆နှစ်သားကတဲက တရားအလုပ်ကို လိုက်စားခဲ့တာမို့  အခုချိန် ၅၆နှစ်ရောက်နေ တာတောင် လူငယ်လူရွယ်တယောက်လို စိတ်လက်ပျော်ရွင် လန်းဆန်းနေတုံးပါပဲ ။ကျန်းမာရေးအထူး ကောင်းမွန်လာတယ် ။ထိုးထွင်းဥဏ် ၊မှတ်ဥာဏ်တွေလည်း ပိုကောင်းလာတယ် ။ ဘယ်နေရာမှာပဲဖြစ် ဖြစ် သာမာန်လူတွေလို ခပ်ပေါ့ပေါ့နေရင်တော့ သာမာန်အဆင့်လောက်ပဲ ဖြစ်မှာပါ ။လူတကာထက် သာချင်တယ်ဆိုရင် သူများထက်ပိုပြီး ကြိုးစားရမယ်။ ပိုပြီး ပင်ပန်းမယ် ။ဘာသာရေး ၊ပညာရေး၊လူမှု စီးပွါးရေးနယ်ပယ်တွေမှာလည်း လုတကာထက် တော်ချင်ရင် လူတကာထက်တော့ ပိုပြီးကြိုးစားဖို့  လိုပါလိမ့်မယ် ….သားရေ ။လောကမှာ အသိပညာ အတတ်ပညာတွေက ရှာဖွေကြိုးစားလေ အကျိုးရှိ လေဖြစ်တယ် ။ 
       သားအတွက် စာအရှည်ကြီးကိုတော့ ရေးပြီးပါဘီ။ ဒီစာထဲမှာ ဖေဖေ ပြောခဲ့တာတွေက သား မသိသေးတာလဲ ပါနိုင်တယ် ။သိပြီးသားကို ပြန်လည်သတိဝင်ပြီး ပိုမို သိစေချင်တာလည်းပါတယ် ။သိပြီးသားတွေကို လက်တွေ့ လုပ်နိုင်အောင် နိုးဆော်ပေးချင်တာလဲပါ တယ် ။ ဖေဖေ့သားလေး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်စုံလို့  နိဗ္ဗာန်မဂ္ဂ်ဖိုလ်သို့  လျှောက်လှမ်းနိုင်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်………….။
…………………… ..သားရဲ့ ဖေဖေ ………
May 3, 2010
ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း ( Radiation)
ကျွန်တော်တို့ရဲ့ ရှေးမြန်မာလူကြီးတွေက သိပ္ပံပညာကို လောကဓာတ်ပညာလို့ခေါ်ကြတယ်ဗျ။ အဲဒီတော့ ရူပဗေဒပညာ ကိုလည်း လောကဓာတ်ပညာ လို့ခေါ်နိုင်ပါတယ် ။ လောကဓာတ်ပညာလို့ ဘာကြောင့်ခေါ်ကြသလဲဆိုတော့ လောကထဲမှာရှိရှိသမျှ အရာအားလုံးကို (ပထဝီ၊ တေဇော ၊အာဘော ၊ဝါယော ) ဓာတ်ကြီးလေးပါးနဲ့ပါဝင်ဖွဲ့စည်းထားခြင်းကြောင့် ဖြစ်ပါတယ် ။ အဲတာကြောင့်လည်း ကျွန်တော်တို့တွေ (ဓာတ်) ဆိုတဲ့ဝေါဟာရကို နေ့စဉ်သုံးနေကြတယ်လို့ ထင်ပါတယ်။ဥပမာ- ဓာတ်မီး၊ ဓာတ်မီးတိုင်၊ ဓာတ်ကြိုး၊ ဓာတ်ခဲ၊ ဓာတ်ဘူး၊ ဓာတ်မှန်၊ ဓာတ်ရထား၊ ဓာတ်လုံး ၊ ဓာတ်ရှင် (ရုပ်ရှင်) ၊ဓာတ်ရိုက်ဓာတ်ဆင် ၊ဓာတ်ဆရာနတ်ဆရာ….. စသဖြင့် “ဓာတ်” ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြတာကိုတွေ့ရပါတယ်။ ဖီးကျူမှာ စွယ်စုံကျမ်းလည်း မပါခဲ့လို့ “ဓာတ်”ကို ဘယ်လို အဓိပ္ပါယ် ဖွင့်တယ်ဆိုတာ ပြောပြဖို့ခက်ပါတယ် ။ ဖီးကျူ ကိုယ်တိုင် အဓိပ္ပါယ်ဖွင့်ဆိုပြီး ယူဆမိတာကတော့ ထူးခြားနက်နဲတဲ့ ဂုဏ်သတ္တိတခုခု ရှိနေတာကို ဖေါ်ပြချင်ရင် “ဓာတ်” ဆိုတဲ့ ဝေါဟာရကို အသုံးပြု ကြတယ်လို့ ထင်ပါတယ် ။ ရေဒီအေးရှင်း (Radiation) ဆိုတာကို အဘိဓာန်မှာ ရှာကြည့်တဲ့အခါ ရောင်ခြည် ဖြာထွက်ခြင်းလို့ ဖွင့်ဆိုပါတယ် ။ဒါပေမဲ့ ရောင်ခြည် ဖြာထွက်ခြင်းမှာ ထူးခြားနက်နဲတဲ့ ဂုဏ်သတ္တိတွေရှိနေတာကြောင့် ရောင်ခြည်ဖြာထွက်ခြင်းရဲ့ရှေ့မှာ “ဓာတ်” ဆိုတာကို ဖြည့်စွက်ပြီး “ ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း ” ဟု ခေါင်းစဉ်တပ်ပြီးရေးသားပါတယ် ။
ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း (Radiation) အဓိပ္ပါယ်ကို ယေဘုယျ ဖေါ်ပြရရင် - စွမ်းအင်များ တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းခြင်းကို ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းလို့ သတ်မှတ်ပါတယ်။ စွမ်းအင်ကူးပြောင်းခြင်းမှာ လှိုင်းအသွင်သဏ္ဍာန်နဲ့ ကူးပြောင်းပါတယ်။ စွမ်းအင် အမျိုးအစားအလိုက် လှိုင်းအသွင်သဏ္ဍာန်တွေလည်း မတူညီနိုင်ပါဘူး။လှိုင်းအလျား (Wave length) အတို ၊အရှည်အလိုက် ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း အမျိုးအစားများကို ခွဲခြားသတ်မှတ်ထားပါတယ်။ ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းမှာ လူ့မျက်စိနဲ့မြင်နိုင်တာလည်ရှိသလို ၊မျက်စိနဲ့မမြင်နိုင် တဲ့ရောင်ခြည် တွေလည်းရှိပါတယ်။ဘာကြောင့်လည်းဆိုတော့ လှိုင်းအလျား 400 nm- 700 nm နာနိုမီတာ အတွင်းမှာလူ့မျက်စိနဲ့မြင်နိုင်ပါတယ်။ လှိုင်းအလျားသည် ၄ဝဝ-နာနိုမီတာထက် တိုရင်ဖြစ်စေ၊ ၇ဝဝ- နာနိုမီတာထက်ရှည်ရင်ဖြစ်စေ မျက်စိဖြင့် မမြင်နိုင်ပါ။ (နာနိုမီတာ=တစ်မီတာ၏ သန်းတစ်ထောင်ပုံတစ်ပုံ1nm= 10-9m )။လျှပ်စစ်သံလိုက်လှိုင်း ( Electromagnetic Wave) များဖြာထွက်နေခြင်းကို လှိုင်းအလျားအတို ၊အရှည် အစီအစဉ်အတိုင်း သတ်မှတ်ထားပြီး လျှပ်စစ်သံလိုက် ရောင်စဉ်များအဖြစ် (Electromagnetic spectrum)လေ့လာနိုင်ပါတယ်။
လျှပ်စစ်သံလိုက် ရောင်စဉ်ဖြာထွက်ခြင်းကို လှိုင်းအလျား(Wave length ) အစီအစဉ် ဖြင့်သတ်မှတ်ထားသဖြင့် လှိုင်းအလျားကိုသိလျှင် လှိုင်းကြိမ်နှုန်း (frequency ) နှင့် စွမ်းအင်ပမာဏ (Energy) ကိုတွက်ယူနိုင်သည် ။ လျှပ်စစ်သံလိုက်လှိုင်းများ၏ အလျင်သွားနှုန်း (Velocity) ကိုတော့ အလင်းအလျင်အတိုင်း ပျမ်းမျှ ( 3×108 )သတ်မှတ်ထားပါတယ်။
C=f λ , E = hν
C = velocity of light အလင်းအလျင်ကိန်းသေ
( 3×108 m-s )
F , ν= frequency လှိုင်းကြိမ်နှုန်း
λ= wavelength လှိုင်းအလျား
E =Energy စွမ်းအင်
ပုံပေါ် ကလစ်ခေါက်ပြီး အကြီးချဲ့ကြည့်ပါ
ဖေါ်ပြထားသော ပုံသေနည်းများအရ လှိုင်းအလျားတိုလေလေ လှိုင်းကြိမ်နှုန်းနှင့် စွမ်းအင်များ လေလေဖြစ်ပြီး ၊လှိုင်းအလျားရှည်လေလေ လှိုင်းကြိမ်နှုန်းနှင့် စွမ်းအင်နည်းလေလေဖြစ်မည်။ထို့ ကြောင့် လှိုင်းကြိမ်နှုန်း နှင့်စွမ်းအင်တို့သည် လှိုင်းအလျားဖြင့်ပြောင်းပြန်အချိုး သက်ရောက်နေကြောင်းတွေ့ရ သည်။အထက်ပါပုံတွင် ပြထားသည့်အတိုင်း မျက်စိဖြင့် မြင်နိုင်သောအလင်းရောင်(Visible Light)သည် အလယ်တွင်ရှိနေပြီး ညာဘက်သို့ရောက် လေလေ၊ လှိုင်းအလျား ပိုရှည်လေဖြစ်သည်။ဘယ်ဘက်သို့ ရောက်လေလေ လှိုင်းအလျားပိုတိုလေဖြစ်ကြောင်းတွေ့ရသည်။
မျက်စိဖြင့်မြင်နိုင်သောအလင်း (Visible Light) သည် လျှပ်စစ်သံလိုက်လှိုင်း အမျိုးစားထဲတွင်ပါဝင် ကြောင်းတွေ့ရသည်။ ထို့ပြင် ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းသည် စွမ်းအင် ကူးပြောင်းခြင်းဖြစ်သော ကြောင့် အလင်းသည် စွမ်းအင်တမျိုးဖြစ်သည်။ အလင်း(Light)ကို ရူပဗေဒနည်းဖြင့် အဓိပ္ပါယ်ဖွင့်ဆို သော် မျက်စိ၏အမြင်အာရုံကို လှုံ့ဆော်ပေးသောစွမ်းအင် အသွင်တမျိုးဟု ဖြစ်သည်။အလင်းရောင်ဖြာထွက်ခြင်းတွင် အပူစွမ်းအင်အဖြစ်လည်းတွေ့ ရှိရသည်။ ထို့ကြောင့် အလင်းသည် ဓာတ်ကြီးလေးပါးမှ တေဇောဓာတ်ဖြစ်သည်။ နေ ၊မီးသီး ၊ဖယောင်းတိုင် …စသည့်အလင်းလွတ်ပင်ရင်းများမှ (sources) ထွက်ပေါ်လာသော အလင်းသည် ကိန်းသေအလျှင် တခုတည်းရှိသည်။ အလင်းရောင်ဖြာထွက်ခြင်းကို အိုင်စက်နယူတန်က( Newton ) အမှုန်သီအိုရီ(particle theory) ဖြင့်ဖေါ်ထုတ်ဖြေရှင်းခဲ့သည်။အလင်း သည် အမှုန်သဘာဝရှိသည်ဟု တင်ပြခဲ့သည်။ သို့သော် နယူတန်နှင့်ခေတ်ပြိုင် ရူပဗေဒပညာရှင် ဒတ်ချ်လူမျိုး ဟေးဂန်း (Christiaan Huygens)က အလင်းသည် လှိုင်းသဘာဝရှိသည်ဟု တင်ပြခဲ့ပြီး လှိုင်းသီအိုရီကို ဖေါ်ထုတ်ခဲ့သည်။ အလင်းပြန်ခြင်း ၊အလင်းယိုင်ခြင်းများကိုလည်း တွက်ချက်ပြခဲ့သည်။ သိပ္ပံပညာရှင်နှစ်ဦ၏ အလင်းသီအိုရီများမှာ မတူညီကြသဖြင့် အငြင်းပွါးစရာဖြစ်ခဲ့ရသည်။ သို့သော် ၎င်းတို့၏သီအိုရီများကို တွက်ချက်ကြည့်ရာတွင် မှန်ကန်နေကြောင်းကိုလည်းတွေ့ရသည်။ထို့ကြောင့် သီအိုရီနှစ်ခုကို သဘောတူလက်ခံလိုက်သောအခါ အလင်းသည် လှိုင်းသဘာဝနှင့် အမှုန်သဘာဝ နှစ်မျိုး (Dual Nature) ရှိကြောင်းတွေ့ရသည်။သို့သော် အချိန်တပြိုင်နက်ထဲမှာ လှိုင်းသဘာဝ ၊အမှုန် သဘာဝနှစ်မျိုးဖြင့် တွက်ယူဖြေရှင်းလို့ မရပေ။ အလင်းကို အမှုန်ဟု စဉ်းစားလျင် လှိုင်းသဘာဝကို လျစ်လျူရှူရမည်။အလင်းကို လှိုင်းသဘာဝဟု စဉ်းစားလျင် အမှုန်သဘာဝကို လျစ်လျူရှူထားရမည် ။ ထို့နောက် အိုင်စတိုင်းက အလင်းသည် စွမ်းအင်(Energy transfer )ကူးပြောင်းခြင်းဖြစ်သောကြောင့် ပါဝင်သောစွမ်းအင်များသည် ကွမ်တမ်သီအိုရီအရ တသမတ်တည်းမဟုတ်ပဲ ပြတ်တောင်းတန်ဖိုးရှိ သည်ဟု တင်ပြခဲ့သည်။ မတူညီသော စွမ်းအင်အထုပ် (Energy packet)များ စုပေါင်းပါဝင်ပြီး အလင်းအရောင်ဖြာထွက်ခြင်း ဖြစ်သည်ဟုတင်ပြခဲ့သည်။ ၎င်းစွမ်းအင် အထုပ်ကလေးများကို အမှုန်ဟု ယူဆသော် ဒြပ်ထုမရှိသော စွမ်းအင်အမှုန်- ဖိုတွန် (Photon)ဟု အမည်ပေးခဲ့သည်။ ၎င်းဖိုတွန်ကို ဖေါ် ထုတ်ခဲ့သောကြောင့် သိပ္ပံပညာရှင်အိုင်စတိုင်းသည် ရူပဗေဒနိုဗယ်ဆုကို ရရှိခဲ့၏။
သုံးမြှောင့်ဖန်တုံးဖြင့် အရောင် (၇)မျိုးထွက်လာပုံ
( Light)သည် အရောင်(၇)မျိုးဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်းတွေ့ရသည်။ရောင်စဉ် (၇)မျိးကို ကောင်းကင်ပေါ်တွင် သက်တန့်အဖြစ်တွေ့ရှိနိုင်သလို ၊သုံးမြှောင့်ဖန်တုံးဖြင့်လည်း စမ်း သပ်ကြည့်ရှူနိုင်သည်။ ခရမ်း ၊မဲနယ် ၊အပြာ ၊အစိမ်း ၊အဝါ ၊လိမ်မော် ၊အနီ (၇)မျိုးသည် လှိုင်းအလျား အစီအစဉ်အတိုင်းဖြစ်ပြီး ခရမ်းရောင်သည် လှိုင်းအလျား အတိုဆုံးဖြစ်ပြီး ၊အနီရောင်သည်လှိုင်းအလျား အရှည်ဆုံးဖြစ်သည်။ နေမှလာသောတိုရိုက် အလင်းဖြစ်စေ ၊ဂဟေဆက်သည့် ဝရိန်ဆော်ခြင်းမှ ဖြစ်စေ ထိုကဲ့သို့ စူးရှတောက်ပသော အလင်းရောင်များကို မျက်စိဖြင့်ကြည့်မိပါက အမြင်အာရုံခံလွှာကို ပျက် စီးစေနိုင်သည်။လျှပ်စစ်သံလိုက်ရောင်စဉ်များကို လှိုင်းအလျားအလိုက် ဆက်လက်လေ့လာကြည်နိုင်၏။
အနီအောက်ရောင်ခြည်( Infra Red IR )သည် မြင်နိုင်သောအလင်း(visible light)အောက် ရှိပြီး ကြိမ်နှုန်း(Frequency)နည်းသဖြင့် အနီအောက်ရောင်ခြည်ဟု ခေါ်သည်။သို့ သော် လှိုင်းအလျားပိုရှည်သည်။အနီအောက်ရောင်ခြည်ကို မျက်စိဖြင့် မမြင်နိုင်သော်လည်း အရေပြားပေါ် ကျရောက်လျင် အပူဓာတ်ကို ခံစားရသည်။ထို့ကြောင့် ပူသောအရာဝထ္ထုများသည် အနီအောက်ခြည်များ ထုတ်လွတ်သည်။ ဒါ့အပြင် နေ၊ ကြယ်တာရာ ၊ဆလိုက်မီး စသည်တို့ မှလည်း အနီအောက်ရောင်ခြည်ထွက်သည်။ အနီအောက်ရောင်ခြည်ကို တီဗွီရီမုတ်ကွန်ထိုးတွင် အသုံးပြုသည်။အားကစားသမားများ ထိခိုက်ဒဏ်ရာ ရပါက အပူမီးချောင်းများသုံး၍ အနီအောက်ရောင်ခြည်ဖြင့် ဆေးကုသမှုပြုလုပ်သည်။ထို့ပြင်မိုဘိုင်းဖုန်း ကင်မရာများတွင်လည်း အသုံးပြုသည်။ ထောက်လှမ်းရေးများ ညအခါအသုံးပြုသည့် ကင်မရာများကို အနီအောက်ရောင်ခြည်ဖြင့် ပြုလုပ်ထားသည်။ လုံခြုံရေးအချက်ပေး ကိရိယာများကိုလည်း အနီအောက်ရောင်ခြည် အာရုံခံ(sensor )အဖြစ်အသုံးပြုသည်။
မိုက်ခရိုဝေ့ မီးဖိုဖြင့် အစားအစာများချက်ပြုတ်နေပုံံ
မိုက်ခရိုဝေ့ (Micro wave) သည် မျက်စိဖြင့်မမြင်နိုင်ပါ ။ကြိမ်နှုန်းမြင့်သော ရေဒီယိုလှိုင်းတမျိုး ဖြစ်သည်။ထို့ကြောင့် မိုဘိုင်းဖုန်းများနှင့် အိတ်ဆောင်ရေဒီယို(digital)များတွင် အသုံးပြုသည်။ဂြိုလ်တု စလောင်းများနှင့် လုံခြုံရေးကင်မရာ၊ မီးပွိုင့်-လမ်းကူးကင်မရာများတွင်လည်း မိုက်ခရိုဝေ့ကို သုံးသည်။ မိုးလေဝသဌာန ၊သင်္ဘော ၊လေယာဉ်များတွင် ရေဒါ (Radar) တပ်ဆင်ရာ၌ မိုက်ခရိုဝေ့ကို အသုံးပြု သည်။ ထို့ပြင် အစားအစာ ချက်ပြုတ်ရာတွင် မီးဖိုများကို မိုက်ခရိုဝေ့ဖြင့် အသုံးပြုသည်။ သို့သော် မိုက်ခရိုဝေ့ မီးဖိုဖြင့် ချက်ပြုတ်သောအခါ အိုးအဖုံးကို ခဏခဏ ဖွင့်ကြည့်ခြင်း၊ မီးဖိုတည့်တည့်တွင် မျက်နှာမူခြင်းများ ပြုလုပ်ရန်မသင့်ပေ။ထို့ပြင် မိုဘိုင်းဖုန်း အမြဲတမ်းပြောသူများတွင် မိုက်ခရိုဝေ့ကြောင့် ဦးနောက်အာရုံကြောကို ထိခိုက်နိုင်သည်။
ရေဒီယိုလှိုင်း( Radio wave) သည် မျက်စိဖြင့်မမြင်နိုင်ပါ။လျှပ်စစ်သံလိုက်လှိုင်းတွင် ကြိမ်နှုန်း အနည်းဆုံးဖြစ်သည်။ ရေဒီယိုအသံလွင့်ရုံများတွင် ရေဒီယိုလှိုင်းများကို ထုတ်လွတ်သည်။ ကြယ်များနှင့် လျှပ်စီးလက်ခြင်း ၊မိုးကြိုးပစ်ခြင်းတွင်လည်း ရေဒီယိုလှိုင်းများထွက်ရှိသည်။ ထို့ ကြောင့် ရေဒီယိုအသံ ဖမ်းယူလျှင် တကျွီကျွီ ဆူညံသံများ ကြားရခြင်းဖြစ်သည်။ အသံလွင့်ရုံများတွင် ရေဒီယိုလှိုင်းတို ၊လှိုင်း လတ်များဖြင့်ထုတ်လွင့်သည်။ကြိမ်နှုန်းမြင့် ရေဒီယိုလှိုင်းများကို "Very High Frequency" FM -အက်ဖ်အမ်-ရေဒီယိုအသံလွင့်ရုံများတွင် အသုံးပြုသည်။ကြိမ်နှုန်းအလွန်မြင့် "Ultra High Frequency" ရေဒီယိုလှိုင်းများကို ရုပ်မြင်သံကြားဌာနများ ၊ပုလိပ်များသုံးသော စကားပြောစက်များ ၊စစ်သုံးလေယာဉ် ရေဒီယိုများတွင် အသုံးပြုသည်။ရေဒီယိုလှိုင်းများ အလွန်အကျွံထိတွေ့မိပါက ကင်ဆာရောဂါ ၊လူကီးမီး ယားကဲ့သို့ သွေးကင်ဆာနှင့် အခြားရောဂါများ ဖြစ်စေနိုင်သည်။ ထို့ပြင် အသံလွင့် တာဝါတိုင်များနှင့် လျှပ်စစ်ဓာတ်အာပေး ကေဘယ်ကြိုးကြီးများ အနီးတဝိုက်တွင် နေထိုင်သူများမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
ခရမ်းလွန်ရောင်ခြည် (Ultra Violet) သည်မျက်စိဖြင့်မမြင်နိုင်ပါ။ခရမ်းရောင်ထက် လှိုင်းအလျားတိုပြီး လှိုင်းကြိမ်နှုန်းများသော လျှပ်စစ်သံလိုက်လှိုင်းဖြစ်သည်။ သဘာဝအားဖြင့် နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ကို အိုဇုန်းလွှာက ကာကွယ်ပေးထားသည်။သို့သော် အိုဇုန်းလွှာ ပါးလွှာမှုကြောင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှာ ခြိမ်းခြောက် လျက်ရှိသည်။အသားနေလောင်ခြင်းမှာ ခရမ်းလွန်ရောင် ခြည်ကြောင့် ဖြစ်သည်။သို့သော် သင့်လျော်သော ခရမ်းလွန်ရောင်ခြည်ကို နေပူစာလံှူ၍ ခံယူပါက ဘီတာမင်-ဒီ (vitamin D)ကိုရရှိစေသည်။ ညအခါ လျှပ်စစ်မီးထွန်းရာတွင် ပလူ၊ ခြင်၊ယင် …စသည့် အင်းဆက်ပိုးမွှားများ လာရောက်စုဝေးခြင်းမှာ ခရမ်းလွန်ရောင်ခြည်က အင်းဆက်ပိုးများကို ဆွဲဆောင် နိုင်သောကြာင့်ဖြစ်သည်။စားသောက်ဆိုင်များ ၊ဟော်တယ်များတွင် ပိုးမွှားခြင် ၊ယင်များ ကာကွယ်ရန် ခရမ်းလွန်ရောင်ခြည် မီးချောင်းများကို လျော့တိုက်ထားသော သံဇကာအတွင်းထည့်၍အသုံးပြုသည်။ ဆေးရုံခွဲစိတ်ခန်း ၊ဓာတ်ခွဲခန်းများတွင် ဘက်တီးရီးယား ပိုးများသတ်ရန် ခရမ်းလွန်ရောင်ခြည်ကို အသုံးပြုကြသည်။ စားသောက်ဆိုင် ၊နိုက်ကလပ်များသို့ ရောက်သောအခါ သင်၏အင်္ကျီအဝတ်အစား များ အရောင်တမျိူး တောက်ပ နေခြင်းမှာ ခရမ်းလွန်ရောင်ခြည်ပါသော မီးသီးများကြောင့်ဖြစ်သည်။
ခရမ်းလွန်ရောင်ခြည်မီးချောင်းဖြင့် အင်းဆက်များကို ရှော့တိုက်သတ်သော သံဇကာာအိမ်
ပိုက်ဆံအစစ် ၊ အတု ၊ပတ်စပို့အစစ်အတု များကို ဖေါ်ထုတ်ရာတွင် အသုံးပြု ကြသည်။ မျက်စိဖြင့်မမြင်နိုင်သော လျှို့ဝှက်စာများရေးရာ၌ ဖေါင်တိန်များတွင် ( fountain-pen ) မင် ခြောက်ကို အသုံးပြုသည်။၎င်း မှင်ခြောက်ဖြင့်ရေးထားသောစာကို ခရမ်းလွန်ရောင်ခြည်ဖြင့် ကောင်းမွန်စွာဖတ်ရှူနိုင်သည်။
ခရမ်းလွန်ရောင်ခြည် အလွန်အကျွံကျရောက်ခြင်းကြောင့် မျက်စိအမြင်အာရုံလွှာကို ထိခိုက်ပျက်စီးစေ နိုင်သည်။ ထို့ကြောင့် နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ကို နေကာမျက်မှန်တပ်ခြင်းဖြင့် ကာကွယ် နိုင်သည်။ သို့သော် သင်တပ်ဆင်အသုံးပြုနေသော နေကာမျက်မှန်သည် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်မပေးနိုင်လျှင် မျက်စိအာရုံခံလွှာကို ပိုမိုပျက်စီးစေနိုင်သည်။ အမြင်အာရုံအလင်းတန်းများကို တာဆီးထားပြီး ၊ခရမ်းလွန်ရောင်ခြည်များ ပိုမိုကျရောက်စေနိုင်သောကြောင့် အန္တရာယ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ပရိတ်သတ်အနေဖြင့် နေကာမျက်မှန်အသုံးပြုဖို့ ဝယ်တော့မယ်ဆိုရင် ဈေးချောင်တာကို မဝယ်ပါနဲ့။ဈေးကြီးသော်လည်း ခရမ်းလွန်ရောင်ခြည်ကာကွယ်ပေးသည့် အာမခံချက်များကို သေချာ စွာစစ်ဆေးပြီးမှ ဝယ်ယူပါ။ စတိုးဆိုင်များ၏ ခပ်ပေါ့ပေါ့အာမခံချက်များထက် မိမိကိုယ်တိုင် သေချာစွာ စစ်ဆေးနိုင်မှ သင်၏မျက်လုံးကို ကာကွယ်ရာရောက်ပေလိမ့်မည်။ ခရမ်းလွန်ရောင်ခြည်ကို အရေပြား ပေါ်သို့ အလွန်အကျွံကျရောက်ပါက အသားနေလောင်ခြင်းနှင့် အရေပြားကင်ဆာရောဂါများ ဖြစ်စေ နိုင်ပါသည်။
အိတ်စ်ရောင်ခြည် ( X -Ray ) သည် မျက်စိဖြင့်မမြင်နိုင်သော်လည်း လှိုင်းကြိမ်နှုန်းမြင့်သော လျှပ်စစ်သံလိုက်လှိုင်းတမျိုးုဖြစ်သည်။ကြယ်များနှင့် နက်ဗျူလာ (ညအခါ ကောင်းကင်ယံ၌ မှုန်ပျပျမြင်ရသော အာကာသမှ ကြယ်စု)တို့မှ အိတ်စ်ရောင်ခြည်များထုတ်လွတ်ကြောင်းတွေ့ရသည်။စကြာဝဠာ ၊နေ နှင့် အာကာသမှ အိတ်ရောင်ခြည်များထုတ်လွတ်သည်။ သို့သော် ကမ္ဘာလေထုက အိပ်စ်ရောင် ခြည်များကို ကာကွယ်ထားသောကြောင့် အန္တရာယ်မဖြစ်နိုင်ပေ။ အိတ်စ်ရောင်ခြည်များသည် စွမ်းအင် အလွန်မြင့်မားပြီး လှိုင်းအလျားတိုသည်။ လေဆိပ်များတွင်အထုတ်ပိုးအိတ်များကို စစ်ဆေး (check in) ရာတွင် အိတ်စ်ရောင်ခြည်ကို အသုံးပြုသည်။ ဆေးရုံများတွင် အိတ်စ်ရောင်ခြည်ကို တွင်ကျယ်စွာ အသုံးပြုသည်။ အိတ်စ်ရောင်ခြည်သည် လူ၏အသား၊ တစ်ရှူးများကို ဖေါက်ထွင်းနိုင်သော်လည်း အရိုး များကို မဖေါက်ထွင်းနိုင်ပေ။ ထို့ကြောင့် ဓာတ်မှန်ရိုက်ရာတွင် အရိုးများကိုသာ ပုံရိပ်အဖြစ်မြင်တွေ့ကြ ရသည်။ (soft X-ray & hard X-ray) စွမ်းအင်နိမ့်အိတ်စ်ရောင်ခြည်နှင့် စွမ်းအင်မြင့်အိတ်စ်ရောင်ခြည် ဟုနှစ်မျိုးခွဲခြားနိုင်သည်။ စွမ်းအင်နိမ့် အိတ်စ်ရောင်ခြည်များကို ဓာတ်မှန်ရိုက်ရာတွင် အသုံးပြုသည်။ စွမ်းအင်မြင့် အိတ်စ်ရောင်ခြည်များကို ကင်ဆာရောဂါကုသရာတွင် ဓာတ်ကင်ခြင်း၌ အသုံးပြုသည်။ ဦးခေါင်းပိုင်းကို ဓာတ်မှန်ရှိက်ရာတွင် နုနယ်သော ဦးနောက်ကို မထိခိုက်ရန် စွမ်းအင်အလွန်နိမ့်သော အိတ်စ်ရောင်ခြည်များကို အသုံးပြုရသည်။ အစာအိမ်လမ်းကြောင်းတွင် ရောဂါရှာဖွေရန် ဓာတ်မှန်ရိုက် သောအခါ ဗေရီယမ်-ဆာလဖိတ်ဆေးရည် တိုက်ကျွေးရခြင်းမှာ ၎င်းဆေးရည်သည် အိတ်စ်ရောင်ခြည် ကို စုပ်ယူနိုင်သဖြင့် ပုံရိပ်ထင်ဟပ်စေရန်ဖြစ်သည်။
ကမ္ဘာ့ပထမဆုံး စမ်းသပ်ရိုက်ထားသော လူသားဓာတ်မှန်ဖလင်
သက်ရှိဆဲလ်များကို သေစေနိုင်သောကြောင့် အလွန်အကျွံထိတွေ့ခံရ ပါက ကင်ဆာရောဂါ ဖြစ်စေနိုင်သည်။တခါတရံ ဓာတ်မှန်ရိုက်သောလူနာအတွက် အိတ်စ်ရောင်ခြည်သည် အန္တရာယ်မရှိသော်လည်း ၊ဓာတ်မှန်ခန်းတွင် နေ့စဉ်အလုပ်လုပ်သူများမှာ အန္တရာယ်ရှိနိုင်သည်။ ရောဂါရှာဖွေရာတွင် လိုအပ်မှသာ အိတ်စ်ရောင်ခြည်-ဓာတ်မှန်ရိုက်သင့်သည်။ဆေးရုံ၊ဆေးခန်းများတွင် ဆရာဝန်များက ဓာတ်မှန်ရိုက်ခိုင်းရန် ဝန်မလေးကြသလို ၊လူနာများကလည်း ဓာတ်မှန်ရိုက်လိုက်ရမှ ရောဂါသိနိုင်မည်ဟု ယူဆကြသည်။ (လမ်းလျှောက်လို့ ဖြစ်ဖြစ် ၊ကုတင်ပေါ်က ပြုတ်ကျလို့ပဲဖြစ်ဖြစ် အလွယ်တကူ ဓာတ်မှန်ရိုက်လိုသောသူများမှာ အိတ်စ်ရောင်ခြည်၏ အန္တရာယ်ကို မသိနားမလည် ကြသော ကြောင့်ဖြစ်သည်)စိုးရိမ်ရသောရောဂါများနှင့် ခွဲစိတ်ခန်းဝင်မည့် လူနာများသာ ဓာတ်မှန်ရိုက်ရန် အသင့်တော်ဆုံးဖြစ်သည်။ထို့ပြင် မိခင်လောင်းများကိုယ်ဝန်ဆောင်ချိန်နှင့် မွေးကင်းစကလေးငယ်များ အကြိမ်ကြိမ် ဓာတ်မှန်ရိုက်ခြင်းကို ရှောင်ကြဉ်သင့်သည်။ ကင်ဆာဆဲလ်များကိုသတ်ရာတွင် စွမ်းအင်မြင့် အိတ်စ်ရောင်ခြည်များကို အသုံးပြု၍ ဓာတ်ကင်ခြင်းပြုလုပ်သည်။ကင်ဆာရောဂါဖြစ်ကာစ ရောဂါနုချိန် လူနာများအတွက် ဓာတ်ကင်ခြင်းသည် ဆေးဝါးကောင်းတလက်ဖြစ်သော်လည်း ၊ကင်ဆာဆဲလ်များ အလွန်များပြားပြီး ရောဂါရင့်နေချိန် လူနာ၏ခံနိုင်ရည်အားကျဆင်းနေချိန်တွင် ဓာတ်ကင်လျှင် အသက် အန္တရာယ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ကင်ဆာရောဂါကျွမ်းနေသူများ ဓာတ်ကင်ပါက သတ်မှတ်ထား သော အကြိမ်အရေအတွက်မပြည့်မှီ လူနာများသေဆုံးသွားကြခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အိတ်စ်ရောင်ခြည်သည် ကင်ဆာဆဲလ်များကိုသေစေရုံသာမက ၊အနီးတဝိုက်ရှိ ပုံမှန်ဆဲလ်တစ်ရှူးများ ကိုသေစေနိုင်သောကြောင့်ဖြစ်သည်။
ဓာတ်ရောင်ခြည်ဖြင့် ရောဂါကုသမှုခံယူနေပုံ
ဂမ်မာရောင်ခြည် (Gamma rays)သည် မျက်စိဖြင့်မမြင်နိုင်ပါ။ စွမ်းအင်အလွန်မြင့်သောကြိမ်နှုန်း မြင့် အိတ်စ်ရောင်ခြည်များကို ဂမ်မာရောင်ခြည်ဟုခေါ်သည်။ ဂမ်မာရောင်ခြည်နှင့် အိတ်စ်ရောင်ခြည် တို့သည် စွမ်းအင်၊ အနည်းအများအလိုက် ကွဲပြားသော်လည်း အသွင်သဏ္ဍာန်ချင်း တူညီကြသည်။ သို့သော် ၎င်းတို့နှစ်ခု၏ထူးခြားချက်မှာ ဂမ်မာရောင်ခြည်သည် နယူကလိယအတွင်းမှ ထွက်လာခြင်း ဖြစ်ပြီး ၊အိတ်စ်ရောင်ခြည်သည် အက်တမ်မှထွက်လာခြင်းဖြစ်သည်။ ထွက်လာသော ပင်ရင်း(source) များမတူညီကြချေ။ ဂမ်မာရောင်ခြည်သည် ဖေါက်ထွင်းနိုင်မှုစွမ်းအား အမြင့်ဆုံးဖြစ်သောကြောင့် ဖောက်ထွင်းမှုကို ခဲသတု္တဖြင့်ကာကွယ်ရသည်။ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်းများ ရှာဖွေတူးဖေါ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် မြေသားခံနိုင်မှုစစ်ဆေးခြင်း၊ သထ္ထုစက်ရုံများတွင် အထူအပါးတိုင်း တာခြင်း ၊ ဆေးရုံများတွင် ရောဂါရှာဖွေ၊ကုသခြင်းများတွင် ဂမ်မာရောင်ခြည်ကို အသုံးပြုသည်။ထို့ပြင် သစ်သီးဝလံများ အချိန်ကြာမြင့်စွာ လတ်ဆတ်စေရန်နှင့် မျိုးပွါးစိုက်ပျိုးမရစေရန် ဂမ်မာရောင်ခြည်ကို အသုံးပြုသည်။ထို့ပြင် လည်ချောင်းအကျိတ်ကင်ဆာကိုသက်သာ ပျောက်ကင်းရန် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဆေးရည် တိုက်ကျွေးခြင်းဖြင့် ဂမ်မာရောင်ခြည်ကို အသုံးပြူသည်။ဂမ်မာရောင်ခြည်ထိတွေ့ ခံရပါက မျက်စိဖြင့်လည်းမမြင်နိုင်သလို ၊နာကျင်ခံစားမှုလည်းမဖြစ်ပါ။ သို့သော် ခန္ဓာကိုယ်မှတစ်ရှုူးများ ပျက်စီးသွားနိုင်သည်။အသားအရေ ခြောက်ကပ်ညိုမဲခြင်း ၊ဆံပင်ကျွတ်ခြင်းများ ဖြစ်တတ်သည် ။
ဓာတ်ရောင်ခြည်အန္တရာယ် သတိပေးအချက်ပြပုံများ
အိုင်ယွန်ဖြစ်ခြင်း (Ionization)
အက်တမ်တခုတွင် အီလက်ထွန်၊ ပရိုတွန် ၊နယူထွန် စသည့်အမှုန်သုံးမျိုးပါဝင်ကြောင်း အနုမြူရူပဗေဒအပိုင်းတွင် ရေးသားခဲ့ပြီးဖြစ်သည်။ ပရိုတွန်နှင့် နယူထွန်တို့သည် နယူကလိယအဖြစ် ပေါင်းစည်းနေကြပြီး အပြင်ဘက်မှ အီလက်ထွန်များ ဝန်းရံလျက်လှည့်ပတ်နေကြောင်း သိခဲ့ကြလေပြီ။ ၎င်းအီလက်ထွန်များသည် ကိုယ်ပိုင်ပတ်လမ်းများအတိုင်း သီးသန့်တည်ရှိနေကြသည်။ ပုံမှန်လှည့်ပတ် နေချိန်တွင် ပရိုတွန်အရေအတွက်နှင့် တူညီနေသောကြောင့် ဓာတ်ဖို၊ ဓာတ်မ သက်ရောက်မှုမရှိပဲ လျှပ်စစ်ဓာတ်မရှိပေ။ သို့သော် အက်တမ်တခုပေါ်သို့ ပြင်ပမှ စွမ်းအင်ကျရောက်လာလျှင် လှည့်ပတ် နေသော အီလက်ထွန်တွင် စွမ်းအင်များတိုးလာသောကြောင့် မူလပတ်လမ်းမှ ဝေးရာသို့ လွတ်ထွက် သွားနိုင်သည်။ ထိုအခါ အက်တမ်တွၤင် အီလက်ထွန်တလုံး လျော့နည်းသွားသဖြင့်၊ ပရိုတွန် တစ်လုံးပို လာသည်။ထို့ကြောင့် အက်တမ်သည် ဓာတ်ဖိုအသွင်သို့ ရောက်ရှိသွားသည်။ထိုကဲ့သို့ အီလက်ထွန် တစ်လုံး လွတ်ထွက်သွားပါက အိတ်စ်ရောင်ခြည်ကို စွမ်းအင်အသွင်ဖြင့်ထုတ်ပေးသည်။ ဓာတ်ဖိုဆောင် သော အက်တမ်အဖြစ်ကျန်ရှိနေခြင်းကို အိုင်ယွန်ဖြစ်ခြင်း(Ionization) ဟု ခေါ်သည်။
ထိုကဲ့သို့ ပြင်ပစွမ်းအင်ရရှိလာသောကြောင့် အက်တမ်မှ လွတ်ထွက်လာသော အီလက်ထွန်သည် အနီးတဝိုက်ရှိ အက်တမ်တခုသို့ ဝင်ရောက်သွားပါက ၊၎င်းအက်တမ်သည် အီလက်ထွန်တစ်လုံး အပိုဖြစ်နေမည်။ အီလက်ထွန်တစ်လုံး ဝင်ရောက်လာသောကြောင့် အက်တမ်သည် လျှပ်စစ်ဓာတ်မ အသွင်သို့ ပြောင်းလဲသွားသည်။ထိုကဲ့သို့ဓာတ်မ-အက်တမ်အဖြစ် ပြောင်းလဲသွားခြင်းကို အိုင်ယွန်ဖြစ် ခြင်း(Ionization) ဟု ခေါ်သည်။ သာမာန်အက်တမ်မှ အိုင်ယွန်အက်တမ်အဖြစ်သို့ ပြောင်းလဲသွားရန် ပြင်ပမှ စွမ်းအင်သက်ရောက်မှုရှိရန်လိုအပ်သည်။ ၎င်းလိုအပ်သော စွမ်းအင်ကို အိုင်ယွန်ဖြစ်စွမ်းအင် (Ionization Energy) ဟုခေါ်သည်။ အိုင်ယွန်ဖြစ်စွမ်းအင်ကို ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း Radiation မှ ရရှိုခြင်းဖြစ်သည်။ ဓာတ်ရောင်ခြည် ဖြာထွက်ခြင်းဆိုသည်မှာ စွမ်းအင် ကူးပြောင်းခြင်း (Energy Transfer )ဖြစ်ကြောင်း လေ့လာခဲ့ပြီးဖြစ်လေသည်။
ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းသည် မျက်စိဖြင့်မြင်နိုင်သော အလင်းမှအပ ၊ကျန်ရောင်ခြည်များကို
မမြင်တွေ့နိုင်ပေ။ထို့ပြင် ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းကို အမျိုးစားနှစ်ခုဖြင့် ခွဲခြားသတ်မှတ်ထား၏
(၁) အိုင်ယွန်ဖြစ်စေသော ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း (Ionization Radiation)
အလွယ်တကူ အဓိပ္ပါယ်ဖွင့်ဆိုပါက အန္တရာယ်ရှိသော ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းဖြစ်သည်။
ဥပမာ-အိတ်စ်ရောင်ခြည် ၊ဂမ်မာရောင်ခြည် ၊အယ်ဖာရောင်ခြည်၊ ဘီတာရောင်ခြည်ဖြာထွက်ခြင်း။
(၂) အိုင်ယွန် မဖြစ်နိုင်သော ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း(Non- Ionization Radiation)
အလွယ်တကူ အဓိပ္ပါယ်ဖွင့်ဆိုပါက အန္တရာယ်ကင်းသော ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းဖြစ်သည်။
ဥပမာ-ခရမ်းလွန်ရောင်ခြည်၊အနီအောက်ရောင်ခြည်၊မျက်စိဖြင့်မြင်နိုင်သောအလင်း၊မိုက်ခရိုဝေ့၊ ရေဒီယိုလှိုင်းတို့ဖြစ်သည်။
(၃)လျှပ်စစ်မှုန်ရောင်ခြည်ဖြာထွက်ခြင်း(Charged Particles Radiation)
ဥပမာ -ဘီတာရောင်ခြည် ၊အယ်ဖာရောင်ခြည်၊ heavy charged particles )
(၄)လျှပ်စစ်မရှိသောရောင်ခြည် (Uncharged Radiation )
ဥပမာ- လျှပ်စစ်သံလိုက်လှိုင်း ၊နယူထွန်
ရောင်ခြည်ဖြာထွက်ခြင်း ( Radiation ရေဒီအေးရှင်း )သည် ထူးခြားသောဂုဏ်သတ္တိများ ပါဝင်နေသောကြောင့် “ဓာတ်”ဆိုသော ဝေါဟာရဖြင့် ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းဟု တင်ပြလိုက် သည်။….။ ……………………….ဖီးက်ဴ…………………………………….
Mar 2, 2010
အခြေခံ-ယူနစ်များ
-->
                  ရူပဗေဒ ဘာသာရပ်မှာ  တိုင်းတာခြင်းဆိုတာ အခြေခံတခုပါပဲ ။  တိုင်းတာခြင်းဆိုတာ
တကယ်တော့ နှိုင်းယှဉ်ခြင်းတမျိုး  ဖြစ်ပါတယ်။ တခုနှင့်တခု နှိုင်းယှဉ်ဖေါ်ပြရာမှာ စံနှုန်းသတ်မှတ်ချက်
ဆိုတာ ရှိပါတယ် ။သတ်မှတ်ထားတဲ့ စံနှုန်းကို  ယူနစ်( unit) ဟုဆိုကြပါတယ်။  ရူပဗေဒဘာသာရပ်မှာ 
အခြေခံအကျဆုံး တိုင်းတာခြင်းယူနစ်  (၃)သုံးမျိုးရှိပါတယ် ။အလျားတိုင်းတာခြင်း ၊ဒြပ်ထုတိုင်းတာခြင်း
 ၊အချိန်တိုင်းတာခြင်းတို့ ဖြစ်ပါတယ် ။ ရူပဗေဒသိပ္ပံမှာ  တိုင်းတာခြင်းနည်းစနစ်  ၃မျိုး ရှိပါတယ် ။
(၁)အင်္ဂလိပ်တိုင်းတာခြင်းနည်းစနစ်     FPS  System
(၂)ပြင်သစ် တိုင်းတာခြင်းနည်းစနစ်     CGS   System
(၃)နိုင်ငံတကာသုံး တိုင်းတာခြင်းစနစ်   MKS ( SI ) system
               အလျားတိုင်းတာခြင်းဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။စာသံပေသံနဲ့  ပြောရရင်တော့
အမှတ်နှစ်ခုကြားတွင်ရှိသော အကွားအဝေးဟု  အဓိပ္ပါယ်ရပါတယ် ။ နိုင်ငံနှင့် လူမျိုးအလိုက်   အလျား
တိုင်းတာခြင်း ဓလေ့ထုံးတမ်း အစဉ်လာတွေတော့ မတူညီကြပါဘူး ။မြန်မာ့အလျားတိုင်းတာခြင်း (၁၂)
မျိုး အလင်္ကာကို  တင်ပြပါအုံးမယ် ။
1.    ၁၀-ဆံခြည်မျှင် တစ်နှမ်း၊
2.    ၆-နှမ်း တစ်မုယော၊
3.    ၄-မုယော တစ်လက်သစ်၊
4.    ၈ လက်သစ် တစ်မိုက်၊
5.    ၃-မိုက် တစ်တောင်၊
6.    ၄-တောင် တစ်လံ၊
7.    ၇-တောင် တစ်တာ၊
8.    ၂၀-တာ တစ်ဥသဘ၊
9.    ၂၀-ဥသဘ တစ်ကောသ၊
10. ၄-ကောသ တစ်ဂါဝုတ်၊
11. ၄-ဂါဝုတ် တစ်ယူဇနာ၊
12. တာ(၁၀၀၀)တစ်ထောင် တစ်တိုင်။
တိုင်းတာခြင်းယူနစ်ကို ရှေးမြန်မာလူမျိုးများက   စနစ်တကျအသုံးပြုခဲ့ ကြကြောင်း ခန့် မှန်းနိုင်ပါတယ်။
ဒီနေ့ ခေတ်မှာ  အသုံးမပြုတော့တာကြောင့်  သိသူမရှိသလောက်ပါပဲ။ဒါကြောင့်လဲ  ကြားဖူးနားဝ  ရှေး
လူကြီးတွေ ပြောကြပါတယ်။  မင်းတုန်းမင်းကြီး မန္တလေးနန်းတော်  ဆောက်တော့   ကင်းဝန်မင်းကြီး ၊
တိုင်တားမင်းကြီးတို့   မြန်မာဗိသုကာတွေ ဦးဆောင်ကြတယ်တဲ့ ။ ခုခေတ်လို  ပေကြိုးတွေ မလိုပါဘူး
ခြေလှမ်းအရေတွက်နဲ့ တိုင်းတယ်လို့ ပြောကြပါတယ်။မှန်ချိန်စရာလဲ မလိုပါဘူး  မျက်စိတစ်ဖက်မှိတ်ပြီး
တိုင်းတာပဲလို့    ပြောကြတယ်။  ချိန်သီးတွေလဲ  သုံးစရာမလိုပါဘူး ၊  မင်းချင်းလုလင်  တယောက်ကို  
လေးဘက်ထောက်ခိုင်းပီး  နောက်ကနေ ချိန်သီးအဖြစ်  တိုင်းတယ်လို့ လဲ  ဆိုကြပြန်တယ် ။ နို့ ပေတဲ့ 
နန်းတော်ကြီး  မတိမ်းမစောင်းဘဲ  ခန့် ညားထည်ဝါနေတာ ကြည့်ပါလားတဲ့ဗျာ။တကယ်တော့ ဒီစကား
ထောင့်ကကြည့်ရင်  မြန်မာတွေမှာ တိုင်းတာခြင်းယူနစ် မရှိခဲ့သလို  ဖြစ်သွားပါတယ် ။  မဟုတ်ပါဘူး  ။
အထက်ပါ   တိုင်းတာခြင်း အလင်္ကာကို ကြည့်ြုခင်းအားဖြင့် ကိုယ်ပိုင်   တိုင်းတာခြင်းယူနစ်  အသုံးပြူခဲ့   
ကြတယ်ဆိုတာ ထင်ရှားနေပါတယ်။မြန်မာ့ရိုးရာ နည်းပညာ သူ့ ခေတ်သူ့ အခါမှာ  အဆင့်မနိမ့်ခဲ့ပါဘူး။
     လူတိုင်းသိကြတဲ့   အတိုင်းတာ   အလင်္ကာလည်းရှိပါသေးတယ် ။မြန်မာအားလုံး အသုံးပြုနေဆဲမို့ 
ကြာဖူးပြီးသားပါ ။          ၁၂ လက်မ   - တစ်ပေ
                                ၃   ပေ       -  တစ်ကိုက်
                              ၂၂  ကိုက်    -  တစ်သံကြိုး
                             ၁၀  သံကြိုး   -  တစ်ဖါလုံ
                               ၈   ဖာလုံ   -  တစ်မိုင်   ……………။ယခုတင်ပြလိုက်တဲ့   အတိုင်းတာယူနစ်
များသည်  အင်္ဂလိပ်တို့   ကိုယ်ပိုင်သုံးယူနစ်များ ဖြစ်ကြပါတယ်။ တစ်ပေအတိုင်းတာ ဖြစ်ပေါ်လာပုံက  
ပြင်သစ်ဘုရင်King Louis XIV လူဝီ(၁၄)၏ခြေဖဝါးအရှည်ကို စံနမူနာ တစ်ပေ(foot)အဖြစ်တိုင်းတာဖို့ 
သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါတယ်။ တစ်ကိုက်ဆိုတာကတော့ (၁၁၂ဝ)ခုနှစ် အင်္ဂလန်ဘုရင် ၏နှာခေါင်းချွန် 
ထိပ်ဖျားနှင့် ရှေ့ သို့ ဆန့် ထုတ်ထားသော လက်ဖျားအစွန်းတို့ ရဲ့   အကွာအဝေးကို  သတ်မှတ်ခဲ့ ခြင်း
ဖြစ်ပါတယ်။ အင်္ဂလိပ်ယူနစ်များကိုတော့   ရူပဗေဒသိပ္ပံမှာ အသုံးပြုကြပါတယ် ။ British System  လို့ 
ခေါ်ပြီး  အတိုကောက်အဖြစ်   FPS  system   ဟု သတ်မှတ်ကြပါတယ်။အင်္ဂလိပ်က  အလျား တစ်ပေ
(foot) ကို  စံယူနစ်အဖြစ် သတ်မှတ်ထားပါတယ် ။
           ပြင်သစ်တိုင်းတာခြင်းယူနစ်ကိုလည်းအားလုံး  သိပြီးသားဖြစ်ပါတယ် ။
             ၁ဝ မီလီမီတာ     -  ၁ စင်တီမီတာ
             ၁ဝ စင်တီမီတာ   -  ၁ ဒက်ဆီမီတာ
             ၁ဝ  ဒက်ဆီမီတာ - ၁ မီတာ ………………………………။
ပြင်သစ်တိုင်းတာခြင်း ယူနစ်မှာ   စင်တီမီတာ ( Centimrter ) ကို စံယူနစ်အဖြစ် သတ်မှတ်ပါ
တယ်။ရူပဗေဒဘာသာရပ်မှာ အတိုကောက် အမည်အနေနဲ့   CGS  system  ဟုခေါ်ဆိုကြပါ
တယ်။ နည်းစနစ်တွေ  အမျိးမျိုးပြောင်းလဲခဲ့ သော်လည်း  ပြင်သစ်တိုင်းတာခြင်း နည်းစနစ်က
ကျစ်လစ်သိပ်သည်း လွယ်ကူကြောင်းကို တွေ့ ရပါတယ် ။အဘယ့်ကြောင့်ဆိုသော်  တိုင်းတာ
တွက်ချက်ရာမှာ ဆယ်လီစိတ်စနစ်နဲ့ သတ်မှတ်ထားခြင်းကြောင့် ဖြစ်ပါတယ် ။တွက်ချက်ရတာ
လွယ်ကူတာကြောင့်  နိုင်ငံတကာ သိပ္ပံပညာရှင်များက  ကမ္ဘာသုံးယူနစ်အဖြစ် သတ်မှတ်ခဲ့ ကြ
ပါတယ်။သို့ သော်   နိုင်ငံတကာသုံးစနစ်ရဲ့ (Internal Syetem) (SI) စံအလျားကို   တစ်မီတာ
အဖြစ်သတ်မှတ်ခဲ့ ကြပါတယ် ။ထို့  ကြောင့်နိုင်ငံတကာသုံး  ယူနစ်ကို MKS System ဟုလည်း
ခေါ်ဆိုကြပါတယ် ။
             ဒြပ်ထုတိုင်းတာခြင်းဆိုတာကတော့   အပြင်လောကမှာ မသုံးပါဘူး ။သိပ္ပံယူနစ်တခု
ဖြစ်ပါတယ်။ ဒါပေမယ့်  အပြင်မှာ တိုင်းတာကြတဲ့  အလေးချိန်ယူနစ်နဲ့   ယူနစ်ချင်းတူပါတယ်။
အင်္ဂလိပ်က အလေးချိန်ကို ပေါင်(Pound)နဲ့ တိုင်းပါတယ်။  အဲတာကြောင့်   FPS System  မှာ
ဒြပ်ထုယူနစ်ကို ပေါင်(Pound)အဖြစ် သတ်မှတ်ပါတယ်။ ပြင်သစ်အသုံးပြုသော CGS System
မှာ   ဒြပ်ထုယူနစ်အဖြစ် ဂရမ်(gram)ကိုသုံးပါတယ်။နိုင်ငံတကာသုံး(SI unit) စနစ်မှာ  ဒြပ်ထု
ယူနစ်ကို  ကီလိုဂရမ် (Kilogram) အဖြစ် သတ်မှတ်ပါတယ်။
ရူပဗေဒသိပ္ပံမှာ  အချိန်၏ယူနစ်ကို  စက္ကန့် ( Second) အဖြစ်သတ်မှတ်ပါတယ်။
အခြေခံတိုင်းတာခြင်း သုံးမျိုးကို   ယူနစ်သုံးမျိုးဖြင့် ရှင်းလင်းအောင် ဖေါ်ပြပါဦးမယ်။
နည်းစနစ်(System)     အလျား(length)             ဒြပ်ထု(Mass)            အချိန် (Time)
……………………………………………………………………………………………………………..
 ၁။ FPS system          ပေ (foot)                     ပေါင်(pound)           စက္ကန့် (second)
 ၂။CGS system          စင်တီမီတာ(centimeter)  ဂရမ်(gram)             စက္ကန့် (second)
 ၃။MKS (SI)system     မီတာ(meter)               ကီလိုဂရမ်(kilogram)  စက္ကန့် (second)
      အလျား ၊ဒြပ်ထု ၊အချိန် စတဲ့ အခြေခံတိုင်းတာခြင်းများကို  ရူပဗေဒ   သင်ကြားဖူးသူတိုင်း 
အကျွမ်းတဝင်ရှိပါတယ်။ရူပဗေဒကို နဝမတန်းမှာ အင်္ဂလိပ်ဘာသာနဲ့  စတင်ပြီးသင်ကြားရတာ
ဖြစ်ပါတယ်။ ဒါပေမယ့်  လွန်ခဲ့ တဲ့ (၁၃)နှစ်လောက်က  (၁၉၉၇-၉၈)  ကိုးတန်းကျောင်းသား
တယောက်ရဲ့  အတွေ့ ကြုံလေးကို  ပြောပြချင်လို့ ပါ ။
     အဲဒီကျောင်းသားဟာ  စာသင်ခန်းထဲမှာ နောက်ဆုံးတန်းက  ထိုင်ပါတယ် ။ စာတော်သော
ကျောင်းသားတော့ မဟုတ်ပါဘူး ။   စာကျက်တာကို ပျင်းတတ်တယ်လို့   ဖီးကျူထင်ပါတယ် ။
ရူပဗေဒ ဘာသာကို စတင်သင်ကြားတဲ့ အချိန်မှာ  အလျား ၊ဒြပ်ထု ၊အချိန် စတဲ့  အခြေခံတိုင်း
တာခြင်းများကို သင်ကြားတဲ့ အခါ   ကျောင်းသားအားလုံး နားလည်သဘောပေါက်ကြပါတယ်။
ဒါပေမယ့်   အဲဒီကျောင်းသား  တယောက်ကတော့  နားမလည်ဘူးတဲ့ ဗျာ ။ သူအနေနဲ့  မရှင်း
တာက   ဒြပ်ထု (Mass ) ဆိုတာပါပဲ။အဲလိုနားမလည်တာကြောင့်  အတန်းထဲမှာ စာတော်ဆုံး
ဆိုတဲ့  ထိပ်ဆုံးတန်းက  သူ့ ငယ်ချင်းကို  မေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။  “သူငယ်ချင်းရေ ……
ငါတော့ဖြင့်  Mass  ဆိုတာကို  နားမလည်ဘူး ..နဲနဲလောက် ရှင်းပြပေးနိုင်မလားလို့ ”  မေးမိပါ
တယ် ။အဲဒီလို မေးလိုက်တော့  သူငယ်ချင်းဖြစ်သူက  တချက်စိုက်ကြည့်လိုက်ပါတယ်။ ကြည့်
လိုက်တဲ့ အကြည့်ကတော့  ဒီလောက်လေးမှ  မသိဘူးလားကွာ ဆိုတဲ့  ပုံစံနဲ့ ကြည့်တာပါ …။
 “ပညာရှာ  ၊ပမာသူဖုန်းစား  ”  ဆိုတဲ့အတိုင်း   သူငယ်ချင်းရေ   ငါနားလည်အောင် ရှင်းပြပေး
ပါကွာလို့   ပြောခဲ့ပါတယ်တဲ့။ ဒီတော့ သူငယ်ချင်းက ပြောပါတယ် ။ Mass ဆိုတာ ဗမာလိုပြန်
ရင်  ဒြပ်ထု( Masss)  ဟုအဓိပ္ပါယ်ရတယ်လို့   ရှင်းပြတယ် ။
“အေး … သူငယ်ချင်း  mass= ဒြပ်ထု ဆိုတာ သိတယ် ။ဒါပေမယ့်  ဒြပ်ဆိုတာကို နားမလည်
တာ ။အဲဒီ အဓိပ္ပါယ်ကို  ရှင်းပြပေးပါလို့ ပြောလိုက်တော့ ”   သူငယ်ချင်း ဖြစ်သူ ခေါင်ရူတ်သွား
ပါတယ် ။ဆရာသင်ပေးတဲ့  ဒြပ်ထုဆိုတာကို  မှတ်ထားလိုက်ရင်ပီးတာပဲ။ ဘာတွေလာမေးနေ
မှန်း  မသိဘူး။ အလုပ်ရူပ်လိုက်တာလို့   သူငယ်ချင်းက ယူဆသွားပုံရပါတယ်။ “ အေးကွာ….
ငါလဲ   သိတော့သိတယ်  အဲလောက်ထိရှင်း  မပြတတ်ဘူး ၊ဆရာ့ဆီကို သွားမေးလိုက်ပါ ငါလဲ
တခြားအရေးကြီးတဲ့စာတွေ  ကျက်ရအုံးမယ်ဆိုပြီး” ထွက်သွားပါတော့တယ် ။    အဲဒီတော့   
မောင်ကျောင်းသားခမျာ သူသိချင်တဲ့  အဖြေကိုမရတဲ့ အပြင် အရေးမကြီးတာကို အလုပ်ရူပ်
မေးတယ်လို့ ထင်ခံလိုက်ရတာပဲ  အဖတ်တင်ပါတော့တယ် ။သူ့ စိတ်ထဲမှာ  ဒြပ်ထုဆိုတာကို  
နားမလည်နိုင်တာကြောင့်  ဆရာ့ကို မေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။တကယ်တော့ သူနားမလည်
တဲ့ ဒြပ်ထုဆိုတာ  ကျောင်းသားအားလုံးသိပြီးသားပါ။ စာသင်ခန်းထဲရောက်တော့ “ဆရာ…..
Mass  ဆိုတာ ဘာလဲ  ..ကျွန်တော်  နားမလည်လို့ ပါ … ရှင်းပြပေးပါ  လို့ ”ပြောလိုက်တော့
အခန်းထဲက ကျောင်သား/သူ အားလုံး  ပြုံးစိစိဖြစ်သွားကြပါတယ် ။ဟုတ်သားဘဲဗျာ …ဒြပ်ထု
ကို   ဒြပ်ထုလို့ မှတ်ထားလိုက်ရင်ပြီးတာပဲ။  အဲတာကို  နားမလည်ဘူးမေးတော့  ဝိုင်းရီကြတာ
ဘာဆန်းတာမှတ်လို့  ။ ဒါပေမယ့် ဆရာက ရှင်းပြပါတယ် ။
“ဆရာ့အနေနဲ့   ရှင်းပြရရင်  Mass ဆိုတာ  ဒြပ်ထုလို့   အမည်ရပါတယ် ။ဒြပ်ထုဆိုတာကို  
အဓိပ္ပါယ်ဖွင့်ဆိုရင် - ဒြပ်သားများ  ပါဝင်ဖွဲ့ စည်းထားသော အရာဝထ္ထု (သို့ )အမှုန်တခုကို 
ဒြပ်ထု လို့  ခေါ်တယ် ” အဲလို ရှင်းပြလိုက်တော့  မောင်ကျောင်းသားက  ထပ်မေးပါတယ် ..။
“’ဒီလိုဆိုရင်   အလေးချိန်တိုင်းတာ  ယူနစ်နဲ့  ၊  ဒြပ်ထုတိုင်းတာယူနစ်တူနေတာကို  တွေ့ ရပါ
တယ် ။ အဲတာကြောင့်  အလေးချိန်နဲ့   ဒြပ်ထု …အတူတူပဲလား   ဆရာ”လို့   မေးပါတယ် …။
ဆရာကထပ်ရှင်းတာတော့ “အလေးချိန်က  ဗက်တာ(Vector) ဖြစ်ပြီး ၊ ဒြပ်ထုက  (Scalar ) 
စကေလာ ဖြစ်တာကြောင့်  ယူနစ်ချင်းတူပေမယ့် အလေးချိန်နဲ့ ဒြပ်ထု မတူပါဘူး ။နောက်ထပ်
ရူပဗေဒဘာသာရပ်မှာ  အလေးချိန်   ( weight )ကို  အဓိပ္ပါယ်ဖွင့်ဆိုတာက - ကမ္ဘာမြေ ကြီး၏
ဆွဲအားကြောင့်  ဝထ္ထုတခုပေါ်မှာ   သက်ရောက်နေတဲ့  အား  ကို  ၊  အဲဒီဝထ္ထုရဲ့  အလေးချိန်ဟု 
သတ်မှတ်ထားခြင်းဖြစ်တယ်” ( မှတ်ချက် -ရူပဗေဒဘာသာရပ်တွင်  ပမာဏသာရှိသော အရာ
ကို ( scalar ) စကေလာ  ၊  ပမာဏနှင့် လားရာဦးတည်ဘက် နှစ်မျိုးရှိသော အရာကို Vector
ဗက်တာ ဟု  သတ်မှတ်ထားပါတယ် ။)
         ဆရာကစိတ်ရှည်လက်ရှည်  ရှင်းပြလိုက်တော့မှ  အဲဒီကျောင်းသား  နားလည်သလိုလို
ဖြစ်သွားပါတယ် ။ဒါပေမယ့်  စိတ်ထဲမှာတော့  ဘဝင်မကျနိုင်သေးပါဘူး ။ နောက်ထပ်မေးချင် 
ပေမယ့် ။မမေးတော့ပါဘူး ။ဘာကြောင့်လဲ ဆိုတော့  ဒါ့ထက်ပိုပြီး  ဘယ်ဆရာကမှ  ရှင်းပြနိုင်
မတူဘူးဆိုပေမယ့် ။ အလေးချိန်ကို   ပေါင်(သို့ )ဂရမ်(သို့ )ကီလိုဂရမ်  ဖြင့်တိုင်းကြတယ် ။ပြီး
တော့   ဒြပ်ထုကိုလည်း  ပေါင်(သို့ )ဂရမ်(သို့ )ကီလိုဂရမ်  ဖြင့်တိုင်းတယ်။   ဆရာရှင်းပြလိုက်
တော့  နည်းနည်းနားလည်သလိုတော့ဖြစ်လာတယ်။ ဒါပေမယ့်  ရူပဗေဒ   ပုစ္ဆာတွေတွက်ချက်
ရာမှာ  ပေးထားချက် given ကိုယူတဲ့ အခါ  kg (ကီလိုဂရမ်)တွေ့ ရင်  M (mass)ဟုသတ်မှတ်
ပြောဆိုနေကြခြင်းပါပဲ ။ တကယ်လို့    ပေးထားတဲ့  ကီလိုဂရမ်ဟာ   အလေးချိန် (weight)
ဖြစ်နေရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့…မေးခွန်းကို  စိတ်ထဲမှာ  ဘဝင်မကျနိုင်ဘဲ ရှိနေခဲ့တယ်။
         ဒါပေမယ့်  တစ်ရက်မှာ  နယူတန်ရဲ့   သီအိုရီညီမျှခြင်းတခုကို   သတိထားမိတယ် ။အဲဒီ
ညီမျှခြင်းတခုကို  ဖြေရှင်းစဉ်းစားမိရာကနေ   အလေးချိန်နဲ့    ဒြပ်ထုဆိုတာကို   ကွဲကွဲပြားပြား
သိလာခဲ့တယ် ။နယူတန်ရဲ့    ညီမျှခြင်းက     အလေးချိန်နဲ့   ဒြပ်ထုတို့ ရဲ့   ဆက်သွယ်
ချက်တခုဖြစ်ပါတယ် ။         Mass = weight  / acceleration due to gravity
                                    ဒြပ်ထု = အလေးချိန်  /ကမ္ဘာ့ ဒြပ်ဆွဲရှိန် ကိန်းသေ
           ဆိုလိုတဲ့  အဓိပ္ပါယ်ကတော့ အရာဝထ္ထုတခု၏အလေးချိန်ကို   ကမ္ဘာ့ မြေဆွဲအရှိန်ဖြင့်
စား ၍ရသော  ရလဒ်သည်  ဒြပ်ထုဖြစ်ပါတယ်။ ကဲဒီတော့ ….သူဘယ်လို  စဉ်စားတယ်ဆိုတာ
ဖီးကျူ  ပြောပြမယ် ။ဒီလိုဗျ………..    အလေးချိန်(weight)   ၁ဝကီလိုဂရမ်ရှိတဲ့  ဝထ္ထုတခုကို
ယူလိုက်မယ် ။ပြီးတော့   အထက်က နယူတန်ရဲ့   ညီမျှခြင်းမှာ   အစာသွင်းတွက်ကြည့်တယ်။
( ကမ္ဘာဒြပ်ဆွဲရှိန်   ကိန်းသေတန်ဖိုးကို SI System မှာ  g= 10 ms-2      နဲ့ တွက်ရမှာ ဖြစ်ပါတယ်။)
ခပ်လွယ်လွယ်ပြောရရင်  အလေးချိန်ကို  ၁ဝနှင့်  စားလို့ ရတဲ့  ရလဒ်တန်ဖိုးဟာ  အဲဒီဝထ္ထုရဲ့ 
ဒြပ်ထုပါပဲ ။အလေးချိန်   ၁ဝ ကီလိုဂရမ်ရှိတဲ့  ဝထ္ထုဆိုတော့ …..ဒြပ်ထုဟာ   ၁ ကီလိုဂရမ် 
ရှိရမှာဖြစ်ပါတယ် ။အဲတော့   ဒီလို ကောက်ချက်ချနိုင်တယ်။ ဝထ္ထုတခု၏  ဒြပ်ထုဆိုတာ   အဲဒီ
ဝထ္ထု၏  အလေးချိန်ရဲ့   ဆယ်ပုံ  တစ်ပုံဖြစ်တယ် ။( SI  system)
            ဒီလိုတွက်ချက်ကြည့်တာနဲ့ တင်   အားမရနိုင်သေးဘူးတဲ့ ဗျာ ။နောက်တမျိးကြံစည်
စဉ်းစားကြည့်လိုက်သေးတယ် ။ w=mg   ညီမျှခြင်းမှာ   g=10ms-2ဆိုတာ  ကမ္ဘာ့ ဒြပ်ဆွဲရှိန်
ဖြစ်တာကြောင့်  တကယ်လို့ များ   အဲဒီ ၁ဝကီလိုဂရမ်ရှိတဲ့  ဝထ္ထုကို   လကမ္ဘာပေါ်မှာ  တိုင်း
တာချိန်ကြည့်ရင်ရော  ဘယ်လိုဖြစ်မလဲ ဆိုတာပါဘဲ။ လကမ္ဘာသည်  ကမ္ဘာထက် ငယ်ပါတယ်
အဲတာကြောင့်    ကမ္ဘာ့ ဆွဲအားထက်ငယ်တာမို့   အလေးချိန်ကတော့    သေချာပေါက်လျော့
နည်းနေမှာ  ဖြစ်ပါတယ်။ ဆိုလိုတာက  အလေးချိန် ၁ဝကီလိုဂရမ်ရှိတဲ့  ဝထ္ထုကို  လကမ္ဘာပေါ်
မှာ  တိုင်းတာချိန်ကြည့်ရင်    ၁ဝ ကီလို ဂရမ်   မရှိနိုင်တော့ပါဘူး ။ အလေးချိန်ဆိုတာ  နေရာ
ဒေသပေါ်မှာ   မူတည်ပြီးတော့   ပြောင်းလဲ သွားတယ်လို့   ဆိုလိုချင်တာပါ ။ပရိတ်သတ် …..
သဘောပေါက်မယ်ထင်ပါတယ်…… ။
            အလေးချိန် ၁ဝ ကီလိုဂရမ်ရှိတဲ့ ဝထ္ထ္ထုကို  လကမ္ဘာပေါ်မှာ  ချိန်ကြည့်ရင်  လျော့နည်း
နေမယ်။  အဲဒီလကမ္ဘာပေါ်မှာ  ချိန်လို့ ရတဲ့  အလေးချိန်ကို    m=w/g  ညီမျှခြင်းမှာ   အစား
သွင်းကြည့်မယ်။ ဒါပေမယ့်  g=10ms-2ဆိုတာ  ကမ္ဘာ့ ဒြပ်ဆွဲရှိန်   ကိန်းသေ   ဖြစ်နေပါတယ်။
လကမ္ဘာပေါ်မှာ  အဲဒီတန်ဖိုးနဲ့ တွက်လို့ မရပါဘူး။လကမ္ဘာ၏ဒြပ်ဆွဲရှိန်တန်ဖိုးကို တွက်ချက်ယူ
ပြီးမှ  g နေရာမှာ  အစားသွင်းရမှပါ ။လပေါ်မှာ  တိုင်းတာလို့ ရတဲ့  အလေးချိန်ကို  လ၏ဆွဲရှိန်
ကိန်းသေတန်ဖိုး  တခုနဲ့ စားရင်  ဒြပ်ထုဆိုတာရမှာပါပဲ ။အဲဒီ   ရလာမည့်  ဒြပ်ထု တန်ဖိုးဟာ 
ကမ္ဘာပေါ်မှာ   တွက်ချက်ယူခဲ့ တဲ့  အဖြေနဲ့  တူညီနေတာကိုတွေ့ လိမ့်မယ်လို့  ယူဆမိတယ်။
ဆိုလိုတာက   အလေးချိန်  ၁ဝ ကီလိုဂရမ်ရှိတဲ့  ဝထ္ထှုမှာ - ဒြပ်ထုတန်ဖိုး ၁ ကီလိုဂရမ်ရှိတယ်။
အဲဒီဝထ္ထုကို    လပေါ်မှာ သွားချိန်တယ်။အလေးချိန်  ၁ဝ ကီလို ဂရမ်မရှိတော့ဘူး။ 
လျော့နည်းသွားတယ် ။ 
ဒါပေမယ့်   တွက်ယူလို့ ရမဲ့  ဒြပ်ထုကတော့   မပြောင်းလဲဘဲ  ၁ ကီလိုဂရမ်ဘဲ ရှိနေလိမ့်မယ် ။
 ကမ္ဘာပေါ်မှာ -- အလေးချိန် (w)= 10kg        =>  ဒြပ်ထု = 1 kg
 လပေါ်မှာ     --အလေးချိန် (w)=….kg          =>   ဒြပ်ထု = 1 kg
၏  ညီမျှခြင်း  သီအိုရီတခုနဲ့   တွက်ချက်ဖြေရှင်းခဲ့တာ အလေးချိန်နဲ့   ဒြပ်ထုဆိုတာကို  ခွဲခြား
သိမြင်သွားပြီး  အောက်ပါအတိုင်း  ကောက်ချက်ချလိုက်ပါတယ်တဲ့ ။
(၁)m=w/g  အရ   ဒြပ်ထုဆိုတာ  အလေးချိန်၏်  ၁ဝပုံ  တစ်ပုံဘဲ ရှိတယ် ။(g=10ms-2)
(၂)အလေးချိန်ဆိုတာ  ဒြပ်ဆွဲအား   နေရာဒေသပေါ်မှာ  လိုက်ပြီးတော့  တန်ဖိုးပြောင်းလဲမှုရှိ
    နိုင်တယ် ။ ဒါပေမယ့်   ဒြပ်ထုဆိုတာက စကြာဝဠာဘယ်နေရာမှာဘဲ  တွက်တွက်  ပြောင်း
    လဲခြင်းမရှိဘူး။  ( တနည်းအားဖြင့်   ပကတိတန်ဖိုးဟု   ဆိုလိုခြင်းဖြစ်တယ် )ဒြပ်ထုဆိုတာ
    လေဟာနယ်    (ဒြပ်ဆွဲအား  ကင်းလွတ်တဲ့ နေရာ)  မှာ ရှိနေမည့်     ပကတိအလေးချိန် 
     ဖြစ်ပါတယ်။“
အထက်ပါ  ကောက်ချက်နှစ်ခုကို  ရရှိပြီးတော့မှ   အလေးချိန်နှင့် ဒြပ်ထုဆိုတာကို  နားလည်
သဘောပေါက်သွားခဲ့ပါတယ် ။တကယ်တော့ အဲလို အချက်တွေကို  ဆရာတချို့ က  ရှင်းပြပေး
မှာ  မဟုတ်ပါဘူး။ စာအုပ်တွေထဲမှာလည်း  ရေးသားကြမှာ  မဟုတ်ပါဘူး ။သမရိုးကျ အတိုင်း
စာသင်ခန်းထဲက  ဆရာပြောပြသလို….  ဖြေရှင်းကြ ၊ ရေးသားကြမှာ ဖြစ်ပါတယ်။စာမေးပွဲဖြေ
နိုင်ဖို့    စာကိုမကျက်ဘဲ သမရိုးကျ လမ်းကြောင်းကနေခွဲ ထွက်ပြီး  နည်းအမျိုးမျိုး ကြံဆတွေး
ခေါ်ခဲ့တာကြောင့်  အတော်ဆုံး   ကျောင်းသားမဟုတ်ခဲ့တဲ့     ကျောင်းသားတယောက်ဆိုတာ 
ဘယ်သူလဲလို့   ပရိတ်သတ် မေးမနေပါနဲ့ တော့ ။ရိပ်မိလောက်မယ်ထင်ပါတယ် ။
        အခုလို  ရှည်ရှည်ဝေးဝေး ရှင်းပြရတဲ့  အကြောင်းကို   ဖီးကျူပြောပြမယ်။အလေးချိန်နဲ့ 
ဒြပ်ထုတို့ ဟာ   ယူနစ်ချင်းတူပေမယ့်  သဘောတရားချင်းမတူပါဘူး ။   ထင်ယောင်ထင်မှား
ဖြစ်သွားမှာ  စိုးလို့ ပါ ။နောက်တခုက   ရူပဗေဒပုစ္ဆာတွေ တွက်ချက်ရာမှာ  မေးခွန်းကိုသေချာ
မဖတ်ဘဲ   kg ကီလိုဂရမ်လို့  တွေ့ ရင်  mass  ဒြပ်ထုဟု  ပုံသေမှတ်ကြခြင်းပါဘဲ။ဆရာတချို့ 
ကလည်း   ပုစ္ဆာအလွယ် တွက်နည်းအဖြစ်  ပေးချက်ကိုရှာတဲ့အခါ  kg ကီလိုဂရမ်ဆိုရင် mass
ဒြပ်ထုဟု  မိုက်မိုက်မဲမဲ   ပုံသေပြောကြလို့ ဖြစ်ပါတယ် ။(ဖီးကျူ မန္တလေးတက္ကသိုလ်မှာ မဟာ
တန်းတက်တော့  အနုမြူစမ်းသပ်ခန်းမှာ  ဒြပ်ထုတိုင်းတဲ့ စက်ရိယာအသစ်တခုတပ်ဆင်ထား
တာကို တွေ့ ခဲ့ ရပါတယ် ။လေဟာနယ်ဖြစ်အောင် အထူးစီမံထားတဲ့ ကိရိယာတခုဖြစ်ပါတယ်။
ပြောရရင်တော့  လှေနံဒါးထစ်  ဖြစ်နေမှာစိုးလို့ပါ။  လှေနံဒါးထစ် ခပ်ပေါ့ပေါ့လုပ်ရင်  ငယ်ငယ်
တုံးက ဖီးကျူ   အဘိုး ပြောခဲ့တာလေးကို   ပြောပြပါအုံးမယ် ။
      ဖီးကျူရဲ့  အဘိုးက လည်း   ရွှေဘိုသားဖြစ်ပါတယ် ။အင်္ဂလိပ်ခေတ်ဦးပိုင်းမှာ  မွေးတာပါ ။
နန်းမြို့ ဟောင်းဆိုတော့ ရွှေဘိုမှာ   ကျူံးပတ်လည်ဝန်းရံထားပါတယ်။အဲဒီခေတ်က ကျူံးကမ်း
ဘေးမှာ  ဒိုဘီကုလားတွေ  အဝတ်လျှော်ကြတယ် ။ကုလားတွေနေတဲ့  ရပ်ကွက်ကို  ဒိုဘီတန်း
ရပ်လို့    ယခုချိန်ထိ  အမည်တွင်နေခဲ့ပါတယ် ။ဆိုတော့….. တရက်မှာ   ဖီးကျူ       အဘိုးရဲ့ 
အမေပေါ့ဗျာ ။အသက်က ၈ဝ လောက်ရှိဘီဆိုတော့  မျက်စိကမှုန် ၊လက်ကတုန်တဲ့ အရွယ်ပါ။
ဘယ်ကလာ….ဖီးကျူ မွေးဦးမလဲ   ….။ဖီးကျူ  အဖေတောင်   မမွေးသေးဘူးဗျ ။အဲ တနေ့ မှာ
အဘိုးတို့  အလုပ်သွားနေတုံး  အဘိုးရဲ့ အမေက  အိမ်စောင့်အဖြစ်ကျန်ခဲ့တယ် ။အိမ်မှာလည်း
လျှော်စရာ  အဝတ်တွေများနေတာမို့   လူကြီးဆိုတော့  ဟိုစပ်စပ်ဒီစပ်စပ် လုပ်ချင်တာပေါ့ဗျာ။
အဲဒီ လျှော်စရာ အဝတ်တွေကို   ဒိုဘီကုလားဆီမှာ သွားအပ်ခဲ့တယ်တဲ့ဗျာ ။  နောက်ရက်တွေ
ကျတော့  ဒိုဘီကုလားက လျှော်ပြီးသား အဝတ်တွေ လာမပေးဘူးဗျ။ကိုင်း…ဒီလိုတော့ မဖြစ်ဘူး  
ကိုယ်တိုင်သွားယူမှရတော့မယ်ဆိုပြီး  အဘိုးကပြောပါတယ် ။   အဲတာကြောင့်  အဘိုးက
သူ့ အမေကို  မေးပါတယ် ။ ‘အမေ …အဝတ်တွေ ဘယ်ကုလားဆီမှာ ဒိုဘီအပ်တာ   လဲ’လို့  
မေးလိုက်ပါတယ်။ အဘိုးရဲ့ အမေကလည်း  မျက်စိကမှုန်ဆိုတော့  ဒိုဘီကုလားကို  သေချာ  
မှတ်လာခဲ့ ပုံရပါတယ်။ “ အဲဒီကျူံးရိုးမှာ…အဝတ်လျှော်နေတဲ့   ပေါင်တံရှည်နဲ့  ကုလားဆီမှာ
အပ်ခဲ့တာပဲ  ..ငါ့သားရယ်လို့ ”ပြောလိုက်ပါတယ်။ ကျူံးရိုးကမ်းစပ်ကို သွားကြည့်တော့ နံငယ်ပိုင်း
ကို   ခါးတောင်းကျိုက်ပြီး   အဝတ်လျှော်နေကြတဲ့   ပေါင်တံရှည် ကုလားတွေ  တသီကြီးရှိ
နေတာကိုတွေ့ ရတော့တာပါပဲ။ အဘိုးရဲ့ အမေက  မျက်စိကမွဲတော့   ဒိုဘီအပ်တဲ့ ကုလားကို
ပေါင်တံရှည်တာပဲ   မှတ်လာခဲ့တာ ။    ဆုံးဘီပေါ့ဗျာ …..အဝတ်တွေ  ။   အဲဒီအချိန်က  စပြီး  
အဘိုးက   နေရာတိုင်းမှာ      ခပ်ပေါ့ပေါ့နဲ့      ပြီးစလွယ်လုပ်ရင်    သားတွေ ၊   မြေးတွေကို 
ပြောလေ့ရှိတာကတော့ “ငါ့အမေဒိုဘီအပ်သလို  ပေါင်တံရှည်ကုလားလို့ တော့     မပြောကြနဲ့ 
ဟေ့”လို့  အမြဲပြောပါတယ် ။ဖီးကျူ အဘိုးက  အသက် ၉ဝကျော်( ၂ဝဝ၅ ခုနှစ်) သေတဲ့ အထိ
အဲလို  ပြောဆိုဆုံးမသွားတာပါ….။
           ဆိုလိုတာကတော့   ရူပဗေဒပုစ္ဆာတွေ  ၊သီအိုရီတွေ ဖြေရှင်းရာမှာ  kg ကီလိုဂရမ်ကို 
တွေ့ တိုင်း    mass  ဒြပ်ထုလို့   ထင်နေကြမှာ  စိုးလို့ ပါ ။ယူနစ်  ကီလိုဂရမ်သည်   ဒြပ်ထုဖြစ်
နိုင်သလို ။အလေးချိန်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်  အဲဒီနှစ်ခုဟာ  လုံးဝ(လုံးဝ) မတူညီပါ။
kg ကီလိုဂရမ်ဆိုတဲ့    ယူနစ်သာ တူညီနေ ကြောင်းပါ  ခင်ဗျာ….။
…………………………………………..ဖီးကျူ( ရွှေဘို)…………………………………………………..
အနုမြူရူပဗေဒ (မြန်မာဖတ်စာအုပ်)
            ကျွန်တော်ဆီမှာရှိတဲ့ အနုမြူရူပဗေဒစာအုပ်တွေထဲက မြန်မာဘာသာဖြင့်ရေးသားထားသည့် တခုတည်းသော  စာအုပ်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင...