အွန်လိုင်းစာအုပ်စင်ကဏ္ဍ ဗုဒ္ဓဘာသာ တရားတော်များ သိပ္ပံနှင့်ပညာရပ်ဆိုင်ရာ ကျန်းမာရေး ဆေးပညာ Computer နှင့် ဘလော့ဂါ သုတ /ရသ အာဟာရများ မဂ္ဂဇင်းနှင့်သတင်းမီဒီယာ

Jan 13, 2010

အဲဖရက်- နိုဗယ်


                                                 Alfred Nobel
               နိုဗယ်ဆုနဲ့  ပတ်သက်ပြီးတော့ ပရိတ်သတ်အားလုံး ကြားဖူးပြီးသား ဖြစ်ပါတယ် ။ အဲဖရက်နိုဗယ် (Alfred Nobel) ဆိုတာ ဆွီဒင်လူမျိုး အင်ဂျင်နီယာ ၊ဓာတုဗေဒပညာရှင်၊ လုပ် ငန်းရှင် မီလျှံနာကြီးတယောက်ပါ။(၁၈၃၃)ခုနှစ် ဆွီဒင်နိုင်ငံမှာ မွေးဖွါးခဲ့တာပါ။ သူ့ ဖခင်လည်း အင်ဂျင်နီယာ တယောက်ဖြစ်ပါတယ် ။ အဲဖရက်နိုဗယ်ကို မွေးပြီးတဲ့နှစ်မှာ မိသားစု စီးပွါးရေး ပျက်စီးသွားတယ် ။အဲတာကြောင့် မိခင်နဲ့ မိသားစုက ဆွီဒင်မှာ နေရစ်ခဲ့ကြပြီး ။ဖခင်ဖြစ်သူကဖင်လန်နိုင်ငံ ၊ရှရှားနိုင်ငံတွေကို စီးပွါးရှာထွက်ခဲ့ရပါတယ်။ ရှရှားနိုင်ငံ စိန့် ပီတာစဘတ်မြို့ မှာ စက်ရုံတခုကို တည်ထောင်နိုင်ခဲ့ တယ် ။ အဲဒီစက်ရုံက ရှရှားဘုရင့် တပ်မတော် အတွက် လက်နက်ကိရိယာတွေကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ် ။ ၁၈၄၂ မှာ မိသားစုအားလုံး ရှရှားကို ပြောင်းရွေ့ လာကြပါတယ်။ အဲဖရက်နိုဗယ်မှာ အစ်ကိုနှစ်ယောက် ၊ ညီငယ်တယောက် ရှိခဲ့ပါ တယ် ။ညီအကို လေးယောက်စလုံး ရှရှားမှာ ပညာသင်ကြားခဲ့ ကြပါတယ် ။ ကျူရှင်ကျောင်း တွေမှာ အထူးသင်ကြားခဲ့တာကြောင့် အဲဖရက်နိုဗယ်(၁၇)နှစ်အရွယ်မှာ ဆွီဒင်၊ ရှရှား၊ ပြင်သစ် အင်္ဂလိပ် ၊ဂျာမာန် ဘာသာစကားကို ကျွမ်းကျင်တတ်မြောက်ခဲ့ပါတယ် ။ အဲဖရက်နိုဗယ် က စာပေအနုပညာကို ဝါသနာပါတယ် ၊ကဗျာရေးတာကိုလည်း နှစ်သက်တယ် ။ ဒါပေမယ့် သူ့  ဖခင်က အနုပညာကို သဘောမကျဘူး ။ဖခင်လို စက်မှုအင်ဂျင်နီယာ တယောက် ဖြစ်စေချင် ခဲ့ပါတယ် ။
အဲဖရက်နိုဗယ်ငယ်စဉ်က

        ပြင်သစ်နိုင်ငံမှာ ဓာတုဗေဒပညာကိုသင်ယူစေခဲ့ပါတယ်။အမေရိကန်နိုင်ငံမှာလည်း လေးနှစ်ကြာ ပညာသင်ယူခဲ့တယ်။ပဲရစ်မြို့မှာ အီတလီ ဓာတုဗေဒပညာရှင် ဆိုဗရီရိုSobreroနဲ့ 
သိကျွမ်းခင်မင်ခဲ့တယ် ။ ဆိုဗရီရိုက နိုက်ထရိုဂရစ်စလင်း ဓာတုဖေါက်ခွဲပစ္စည်းကို တီထွင် လိုက်တဲ့ အခါ ၊  နိုက်ထရိုဂရစ်ဆလင်းကို   အလွန် စိတ်ဝင်စားခဲ့တယ် ။  ပညာသင်ကြားခဲ့ပြီး
စိန့် ပီတာစဘတ်မြို့ မှာ သူ့ဖခင်နှင့်အတူ အလုပ်လုပ်ကိုင်ယင်း နိုင်ထရိုဂရစ်စလင်း(ဓာတု-ဖေါက်ခွဲရေး နည်းပညာ )ကို စိတ်ပါဝင်းစားစွာ လေ့လာနေခဲ့တယ် ။အဲဖရက်နိုဗယ်၏ ဖခင်က လည်း ပင်လယ်ပြင်-မိုင်း ( ရေမြုပ်ဗုံး)ကို ရှရှား-ဇာဘုရင်အတွက် တီထွင်ပေးနိုင်ခဲ့ တယ်။ ခရိမီယမ်းစစ်ပွဲ(Crimean War ၁၈၅၃-၅၆)မှာ စိန့် ပီတာစဘတ်(ရှရှား) သို့  ချီတက်လာသော အင်္ဂလိပ်ရေတပ်သင်္ဘောများကို ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့တယ်။ (၁၈၅၃-နှစ် မင်းတုန်းမင်း နန်း တက်စဉ်မှာ ၊ ကနောင်မင်းသားကြီး ရေမြုပ်ဗုံး စမ်းသပ်ခဲ့တဲ့  အချိန်နဲ့  နှိုင်းယှဉ်ကြည့်ရရင် အချိန်ကာလ သိပ်မကွာခြားကြောင်း ကိုတွေ့ ရတယ်။ )

                                အဲဖရက်နိုဗယ်၏ ဖခင်  ရေမြုပ်ဗုံးစမ်းသပ်ခြင်း

            ခရိမီယမ်းစစ်ပွဲအပြီးမှာ အဲဖရက်နိုဗယ်တို့ မိသားစု စီပွါးရေးကျဆင်းသွားပြန်တယ်။ အဲဖရက်၏ မိဘနှစ်ပါးနှင့် ညီငယ်-အီမေးတို့ သည် ဆွီဒင်သို့  ပြောင်းရွေ့ နေထိုင်ကြတယ်။ အဲဖရက်နှင့်အစ်ကိုနှစ်ယောက်က ရှရှားမှာကျန်ခဲ့ပြီး မိသားစုစီးပွါးရေးကို ဆက်လက်လုပ်ကိုင် နေခဲ့တယ်။ဒါပေမယ့် (၁၈၆၃)မှာ ဖခင်ရှိရာ ဆွီဒင်ပြည်ကို ပြောင်းရွေ့ လာခဲ့ကြတယ် ။
ဆွီဒင်အစိုးရခွင့်မပြုသောကြောင့် ရေကန်ထဲကလှေငယ်ပေါ်မှာ စမ်းသပ်ခဲ့ပုံ

အဲဖရက်နိုဗယ်ကတော့ နိုက်ထရိုဂရစ်စလင်းကို စိတ်ဝင်စားစွာ စမ်းသပ်နေတုံးပါပဲ။ နိုက်ထရို ဂရစ်စလင်း liquid explosive စက်ရုံကို တည်ဆောက် လုပ်ကိုင်ခဲ့ပါတယ် ။ အဲဖရက်၏ စမ်းသပ်မှုမတော်တဆကြောင့် ညီအငယ်- အီမေး(Emil) နဲ့  လူလေးဦး သေဆုံးသွားခဲ့တယ်။ အဲတာကြောင့် ဆွီဒင်အစိုးရက အဲဖရက်နိုဗယ်ရဲ့  ဂရစ်စလင်း-ဖောက်ခွဲရေးစက်ရုံကို ပြုပြင် ခွင့် မပေးခဲ့ပါဘူး။ စမ်းသပ်မှုများကိုလည်း ပိတ်ပင်တားဆီးခဲ့တယ် ။ ဒါပေမယ့် အဲဖရက်က မလျော့သော ဇွဲလုံ့ လဖြင့် စမ်းသပ်မှုကို ဆက်လက်လုပ်ကိုင်ပါတယ် ။ မီလာရန် (Mälaren) ရေကန်ကြီးထဲက လှေငယ်လေးပေါ်မှာ ဆွီဒင်အစိုးရ မသိအောင် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ တာပါ ။ နိုက်ထရိုဂရစ်စလင်း (ဓာတု အရည်)မှ အစိုင်အခဲအချောင်း ပုံစံဖြစ်အောင် တီထွင် နိုင်ခဲ့ ပါတယ် ။ ၁၈၈၆ ခုနှစ်မှာ ကိုယ်ပိုင်မှတ်ပုံတင် ပြုလုပ်ကာ ဒိုင်းနမိုက် (dynamite) ဟု အမည်ပေးကာ ယမ်းဘီလူးစက်ရုံများကို တည်ဆောက်နိုင်ခဲ့တယ်။(နိုက်ထရိုဂရစ်စလင်း-ဓာတုဗေဒ အကြောင်းကို အကျယ်တဝန်း မရှင်းပြနိုင်တာကို ပရိတ်သတ်များ နားလည်ပေးပါ ။ ဓာတုဗေဒ-ပညာရှင်များထံမှာ ချဉ်းကပ်မေးမြန်းကြပါ ။)
နှိုဗယ်၏ဓာတ်ခွဲစမ်းသပ်ခန်းငယ်တခု                 ဒိုင်းနမိုက်

          သူ၏တီထွင်မှုဖြင့် သတ္တုရှာဖွေရေး ကျောင်တောင်တွေကို အလွယ်တကူ ဖေါက်ခွဲနိုင် ခဲ့တယ်။ ကျောက်မီးသွေးတွင်း တူးဖေါ်ရာမှာလည်း အသုံးပြုနိုင်ခဲ့ပါတယ်။ ဥမင်လှိုင်ခေါင်း ဖေါက်လုပ်ခြင်း ၊ တံတား ဆောက်လုပ်ခြင်းများမှာ အသုံးပြုနိုင်ခဲ့တယ်။ပထမဆုံး ဂျာမဏီနိုင်ငံ တွင် ဒိုင်းနမိုက် စက်ရုံကိုတည်ဆောက်ခဲ့သည်။ အမေရိကန် ၊သြစတေးလျ နှင့် ဥရောပနိုင်ငံ အနှံ့ အပြားတွင် ဒိုင်းနမိုက်-ယမ်းဘီဘူးစက်ရုံများ တည်ဆောက်ထုတ်လုပ်ခဲ့သည်။ နိုင်ငံပေါင်း ၂ဝတွင် စက်ရုံပေါင်း ၉ဝ ကျော် တည်ဆောက်ခဲ့သည် ။ ပြင်သစ်ပြည် ပဲရစ်မြို့တွင် ပြောင်းရွေ့ 
နေထိုင်ပြီး စက်ရုံရှိရာ နိုင်ငံများသို့  လှည့်ပတ်သွားလာ ကြီးကြပ်လုပ်ကိုင်ခဲ့သည်။အဲဖရက် သည် ဒိုင်းနမိုက်လုပ်ငန်းဖြင့် ကြွယ်ဝချမ်းသာလာရာ ကမ္ဘာ့ ချမ်းသာဆုံး မီလျှံနာကြီးဖြစ်လာ သည် ။သူသည် ဂျာမဏီ ၊ ပြင်သစ် ၊စကော့တလန် ၊အီတလီ နိုင်ငံများတွင် ပြောင်းရွေ့ နေ ထိုင်ခဲ့ပြီး ဓာတ်ခွဲစမ်းသပ်ခန်းများကို တည်ဆောက်သည်။ အဲဖရက်၏ ဘဝတလျောက်လုံး တွင် ကမ္ဘာအနှံ့  သွားလာနေထိုင်ခဲ့ သောကြောင့် (လေလွင့်နေသော) ခြေသလုံးအိမ်တိုင် ဥရောပ-သူဌေးကြီးဟု ခေါ်ဆိုခဲ့ကြသည်။
             အဲဖရက်နိုဗယ်သည် ဒိုင်းနမိုက်တခုတည်းကိုသာ တီထွင်ခဲ့ခြင်းမဟုတ် ။သူ၏တီထွင် မှုများဖြင့် ထုတ်လုပ်ရောင်းချခဲ့သည့်ကိုယ်ပိုင်မှတ်ပုံတင် အမှတ်တံဆိပ် (၃၅၅)မျိုးခန့် ရှိသည်။ ရာဘာ-သားရေတု ကိုလည်း အဲဖရက်နိုဗယ် တီထွင်ခဲ့သည် ။ထို့ ပြင် (သဘာဝမဟုတ်သော) ပိုးချည်ကိုလည်း တီထွင်ခဲ့သည်။ အဲဖရက်နိုဗယ်၏ ဒိုင်းနမိုက်များကို နိုင်ငံတကာစစ်တပ်များမှ အဓိကဝယ်ယူကြသောကြောင့် သူ့ ကို လူသတ်တရားခံဟုစွပ်စွဲပြောဆိုခြင်းကိုခံရသည်။ထို့  နောက်ပြင်သစ်သတင်းစာကြီး တစောင်က“သေမင်းကုန်သည်ကြီး”ဟုရေးသားလိုက်သောအခါ
စိတ်နှလုံးမသာမယာဖြစ်ခဲ့ရသည် ။ ညီငယ်လေး-အီမေးနှင့် အသက်ပေါင်း များစွာ သေဆုံးခဲ့ရသည်။ သူ့ ကြောင့်စစ်ပွဲများ ဖြစ်ရသည်ဟု ခံစားလာရသည်။ (ဒိုင်းနမိုက် တီထွင်မှုမရှိခဲ့လည်း စစ်ဝါဒီသမားတွေကြောင့် စစ်ပွဲဆိုတာရှိခဲ့မှာဘဲလို့  ထင်တာဘဲဗျာ။) သူ၏ ကျန်ရစ်ခဲ့သောငွေကြေးများကို နိုှဗယ်ဆု အဖြစ်ချီုးမြှင့်ရန် သေတမ်းစာတွင် ရေးသား ခဲ့သည်။ ၁၈၉၆ခု အဲဖရက်နိုဗယ်သည် (၆၃)နှစ်အရွယ်တွင် အီတလီနိုင်ငံ၌ ကွယ်လွန်သည်။
အဲဖရက်နိုဗယ်ရေးသားခဲ့သော  သေတမ်းစာမူရင်း

အဲဖရက်နိုဗယ်၏  အတွင်းရေးမှုး

             အဲဖရက်နိုဗယ်သည် ဘဝတလျှောက်လုံး အိမ်ထောင်မပြုဘဲ တကိုယ်တည်းနေထိုင် ခဲ့သည် ။ ၁၈၇၆ ခုနှစ် အသက် ၄၃ နှစ်အရွယ်တွင် အတွင်းရေးမှုး တယောက်ခန့် ထားရန် သတင်းစာ ၌ ကြော်ငြာထည့်သွင်းခဲ့သည် ။ စည်းကမ်းချက်များမှာ အရွယ်ရောက်ပြီးသော မိန်ကလေး၊ချမ်းသာကြွယ်ဝရမည် ။ခေတ်ပညာတတ်မြောက်ရမည် ။ဘာသာစကား ကျွမ်းကျင် ရမည် ။အတွင်းရေးမှုး လျောက်လွှာတင်ကြရာတွင် သြစတေးလျ နိုင်ငံသူ Bertha von Suttner (ဘာသာဘွန်ရှပ်နာ) ကိုခန့် အပ်ခဲ့သည်။သို့ သော် သူမသည် ချိန်အနည်းငယ်သာ လုပ်ကိုင် ခဲ့ကာ သြစတေးလျသို့  ပြန်သွားပြီးCount Arthur von Suttner (ကောင့်အာရသာဘွန်ရှပ်နာ) နှင့် လက်ထပ်ခဲ့သည် ။သို့ သော် သူမနှင့်အဲဖရက်တို့  အလွန်ရင်းနှီးသော မိတ်ဆွေများအဖြစ် ဆက်လက်ရှိနေခဲ့သည်။ အပြန်အလှန် စာရေးဆက်သွယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ စာပေ ဝါသနာတူများ ဖြစ်သောကြောင့် ပိုမိုရင်းနှီးခဲ့ ကြပေသည်။နောင်အခါတွင် သူမသည် ငြိမ်ချမ်း ရေးနှင့်ဆိုင်သော အလွန်နာမယ်ကြီးသည့် Lay Down YourArms စာအုပ်ကို ရေးသားထုတ်ဝေ ခဲ့သည် ။ သူမ၏ရေးသားထုတ်ဝေသော စာအုပ်ကြောင့် စာပေ နိုဗယ်ဆုအဖြစ် ရွေးချယ် ချီးမြှင့်ရန် သေတမ်းစာတွင် ရေးသားခဲ့သည်ဟု နှောင်းလူများက ယူဆကြသည်။ ထို့ နောက် အဲဖရက်နိုဗယ် သေဆုံးပြီး ၁၉ဝ၅ ခုနှစ်တွင် ဘာသာဘွန်ရှပ်နာသည် ငြိမ်ချမ်းရေးနိုဗယ်ဆုကို လက်ခံရှိခဲ့၏။
၁၉ဝ၁ခုနှစ်  ပထမအကြိမ် နိုဗယ်ဆုချီးမြှင့်ပွဲ

            အဲဖရက်နိုဗယ်ကွယ်လွန်ုပြီး လေးနှစ်ကြာသောအခါ နိုဗယ်ဆုရွေးချယ်ရေး အဖွဲ့ ကို ဆွီဒင်ငွေကြေး (kronor ) ၃၃ သန်းဖြင့် ဖွဲ့ စည်းကာ (၁၉ဝ၁ )ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပါတယ်။ ဆုငွေအဖြစ် ဆွီဒင်ငွေ တသန်း ချီးမြှင့်တယ် ။ နိုဗယ်ဆု အမျိုးစားများမှာ ရူပဗေဒပညာ ၊ ဓာတုဗေဒပညာ ၊ ဆေးဝါးဗေဒ (သို့ ) ဇီဝကမ္မဗေဒ ၊စာပေထူးချွန်သူနှင့် ငြိမ်းချမ်းရေး အတွက် စွမ်းဆောင်နိုင်သူများကို နှစ်စဉ် ရွေးချယ်ပေးအပ်သည်။ သို့ သော် ၁၉၆၉ ခုနှစ်တွင် ဆွီဒင် ဗဟိုဘဏ်၏ အကြံပေးချက်အရ စီးပွါးရေးပညာရှင် (the Prize in Economics) ဆုအဖြစ် ရွေးချယ် ချီးမြှင့်ခဲ့သည်။ နိုဗယ်ဆုတံဆိပ်ကို ရွှေသားဖြင့် ပြုလုပ်၍ ၊ ဆုကြေးငွေ ပမာဏကို နိုဗယ်ဖောင်ဒေးရှင်း၏ နှစ်စဉ် ဝင်ငွေအလိုက်ပေးအပ်ချီးမြှင့်ခဲ့သည် ။( ၂ဝဝ၉ ခုနှစ်တွင် နိုဗယ်ဆု အမျိုးစားတခုကို ဆွီဒင်ငွေကြေး (၁ဝ)သန်း အထိ ချီးမြှင့်ပေးခဲ့သည် ။)
ရူပဗေဒနှင့်ဓာတုဗေဒ ရွေတံဆိပ်ဆု
  
  ဘောဂဗေဒရွေတံဆိပ်ဆု

              နိုဗယ်ဆုအဖြစ်ရွေးချယ် သတ်မှတ်ရာတွင် ရူပဗေဒနိုဗယ်ဆု ၊ ဓာတုဗေဒနိုဗယ်ဆု ၊ဘောဂဗေဒနိုဗယ်ဆုများကို ဆွီဒင်တော်ဝင်အကယ်ဒမီသိပ္ပံမှ ရွေးချယ်သတ်မှတ်ပေးသည်။
ဇီဝကမ္မဗေဒ(သို့ )ဆေးဝါးဗေဒ ရွှေတံဆိပ်ဆု

ဆေးဝါးဗေဒ (သို့ ) ဇီဝကမ္မဗေဒ နိုဗယ်ဆုကို ဆွီဒင်နိုင်ငံ ကာရိုလင်းစကား-ဆေးတက္ကသိုလ်မှ ( Karolinska Institute ) ရွေးချယ် သတ်မှတ်ပေးသည် ။
     စာပေရွှေတံဆိပ်ဆု

 နိုဗယ်စာပေဆုကို ဆွီဒင်နိုင်ငံ တော်ဝင်အကယ်ဒမီမှ ရွေးချယ်သတ်မှတ်ပေးသည် ။
ငြိမ်းချမ်းရေး ရွှေတံဆိပ်ဆု

နိုဗယ်ငြိမ်းချမ်းရေးဆုကို တမူထူးခြားစွာဖြင့် နော်ဝေးနိုင်ငံ ငြိမ်ချမ်းရေးနိုဗယ်ဆု-ရွေးချယ်ရေး အဖွဲ့ မှ ရွေးချယ်သတ်မှတ်ပေးသည် ။
           ၁၉ဝ၁ ခုနှစ်မှ စ၍ သတ်မှတ်ထားသော ဆုအမျိုးစားအလိုက် ကမ္ဘာအရပ်ရပ်မှ ထူးချွန်သူများကို နှစ်စဉ်နှစ်တိုင်း နိုဗယ်ဆုများ ပေးအပ် ချီးမြှင့်ခဲ့ရာ (၂ဝဝ၉ ခုနှစ်) အထိ နှစ်ပေါင်း (၁ဝ၉)နှစ်တိုင်အောင်ရောက်ရှိခဲ့ လေပြီ။ ၄င်းနိုဗယ်ဆုရှင်များထဲမှ ရူပဗေဒနိုဗယ်ဆု ရရှိသူများ၏ ဘဝနှင့်သူတို့ တီထွင်ခဲ့သော ရူပဗေဒအောင်မြင်မှု နည်းပညာများကို ရေးသား တင်ပြရန်စိတ်ကူးမိသောကြောင့် နိဒါန်းအနေဖြင့် အဲဖရက်နိုဗယ် အကြောင်းကို တင်ပြလိုက် ပါသည် ။ ရူပဗေဒ နိုဗယ်ဆုရှင်များအားလုံး အကြောင်းကို မြန်မာဘာသာ စာအုပ်အနေနဲ့  ဖီးကျူ မဖတ်ဘူးပါဘူး ၊အင်တာနက်စာမျက်နှာ ပေါ်မှာလဲ မတွေ့ သေးပါဘူး ။ အဲတာကြောင့် နိုဗယ်ဆုရှင်များကဏ္ဍကို ထည့်သွင်းရေးသားဖို့ စိတ်ကူးဖြစ်ပါတယ်။ထိုကဲ့သို့ ရေးသားရာတွင် ဗဟုသုတ လိုချင်သူများအတွက် သာမက ၊ ရူပဗေဒနည်းပညာ လေ့လာဆည်းပူးနေသူများ အတွက်ပါ ရည်ရွယ်၍ ကြိုးပမ်းအားထုတ်ပါမည်ဟု ပရိတ်သတ်အား လေးစားစွာ တင်ပြပါ တယ် ခင်ဗျား ။
………………………………..ဖီးကျူ………………………………………………..











No comments:

Post a Comment